၂၀၁၈ ခုနှစ်အတွင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ လျှပ်စစ်မီး ရရှိရေးအတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ စတင်တည်ဆောက်

တည်ဆောက်လျက်ရှိသည့် ဓာတ်အားခွဲရုံကို တွေ့ရစဉ်

၂၀၁၈ ခုနှစ်အတွင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ် စက်တင်ဘာမှစတင်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းအတွက် စုစုပေါင်း ကျပ်ဘီလျံ ၃၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသများသို့ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက် နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိနေပြီဖြစ်သော ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားဖြန့်ဖြူး ပေးမည်ဖြစ်ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော  ၆၆ ကေဗွီ ဓာတ်အားလိုင်း ၆၅ ဒသမ ၁ မိုင် နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များတွင် ၆၆/၁၁ ကေဗွီ၊ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံများ တည်ဆောက်မည်ဟု သိရ သည်။

၂၀၁၈ ခုနှစ် မတ်တွင် ရသေ့တောင် မြို့နယ်သို့လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ဘူးသီးတောင်မြို့နယ်သို့ လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် မောင်တောမြို့ နယ်ကို လည်းကောင်း ဓာတ်အားဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃ ရက်က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်ကလည်း ရခိုင်ပြည်နယ် အတွင်း ၃၃ ကေဗွီ မင်းပြား-မြေပုံ ဓာတ်အားလိုင်း ၂၆ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံများ ဖွင့်လှစ်ခဲ့သည်။