ယာဉ်မတော်တဆမှု အဖြစ်များသော အာရှလမ်းသစ်တွင် လမ်းခုံးများ ဖြုတ်သိမ်းရန် လိုအပ်ကြောင်းနှင့် ယာဉ်မောင်းများ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရန် လိုအပ်ဟု ဂျပန်နိုင်ငံမှ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ ပြောကြား

ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားသော ကွန်းခြံကွေ့ကုန်းဆင်းကို တွေ့ရစဉ်

ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပေါ်နေသော မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်တွင် လမ်းခုံးများကို ပြင်ဆင်ဖြုတ်သိမ်းရန် လိုအပ်ကြောင်းနှင့် ယာဉ်မောင်းများ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရန် လိုအပ်ကြောင်း ဂျပန်နိုင်ငံမှ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ Mr.Shimorenjyaku Mitakashi နှင့် ယာဉ်စည်းကမ်းပိုင်း ပညာရှင် Kazuhiko Yoshino တို့က ပြောကြားသည်။

“တကယ် Slow Down ခုံး လုပ်ရမှာက ကုန်းမြင့်က စဆင်းဆင်းချင်း လုပ်ရမှာပါ။ အခုက ကားတွေ  အရှိန်ရလာမှ Slow Down တွေ့တော့ အရှိန်မထိန်းနိုင်ဘူး။ ပြီးတော့ Slow Down ကို ရှောင်ပြီး မောင်းတာ တွေ့ရတယ်။ ဖြစ်နိုင်ရင် Slow Down ခုံးတွေကို အလျင်အမြန် ပြန်ဖျက်လိုက်ဖို့ လိုပါတယ်။ ကုန်းဆင်းရဲ့ အပေါ်ပိုင်းမှာ Slow Down ကို စာနဲ့လုပ်ပါ။ သတ်မှတ်ထားတဲ့ ကီလို ၄၀ ထက် ကျော်မောင်းရင် ဖမ်းဆီးဒဏ်ရိုက်ပါ။ များများရိုက်ပါ။ တစ်သိန်းအထိ ရိုက်ပါ။ စင်ကာပူနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က မြန်မာနိုင်ငံလိုပဲ ယာဉ်မတော်တဆမှုတွေ အရမ်းများပါတယ်” ဟု ဂျပန်နိုင်ငံမှ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ Mr.Shimorenjyaku Mitakashi က ပြောကြားသည်။

မြန်မာနိုင်ငံ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ (MORS) Myanmar Organization For Road Safety အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် နိုဝင်ဘာ ၃ ရက်က မြဝတီ အာရှလမ်းသစ်တစ်လျှောက် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားသော နတ်စင်ကွေ့ကုန်းဆင်းနှင့် ကွန်းခြံကွေ့ ကုန်းဆင်းသို့ သွားရောက်ကြည့်ရှုစဉ် ဂျပန်နိုင်ငံမှ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ Mr.Shimorenjyaku Mitakashi က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလမ်းမှာ ကားတွေ ကီလို ၄၀ နဲ့ မောင်းရမယ်လို့ ဆိုင်းဘုတ်တွေ ထောင်ထားတာ တွေ့ရပါတယ်။ သတ်မှတ်ထားတဲ့ ကီလို ၄၀ နဲ့ မမောင်းကြဘဲ ကီလို ၆၀၊ ၈၀ နဲ့ မောင်းကြတယ်။ ပြီးတော့ သတ်မှတ် ကုန်ချိန်လည်း မဟုတ်တော့ ဖြစ်ရင် မထိန်းနိုင်ဘူး။ နိုင်ငံတကာမှာ ယာဉ်မတော်တဆဖြစ်ရင် လမ်းကြောင့်လား၊ ယာဉ်မောင်းကြောင့်လားဆိုတာ စစ်ဆေးပြီး မှားတဲ့ဟာကို အရေးယူရတယ်။ ဒီမှာတော့ လမ်းကြောင့်ထက် ယာဉ်မောင်းတွေ သတ်မှတ်စည်းကမ်း မလိုက်နာလို့ ဖြစ်တယ်လို့ မြင်ပါတယ်” ဟု ယာဉ်စည်းကမ်းပိုင်း ပညာရှင် Mr.Kazuhiko Yoshino က ပြောကြားသည်။

ထို့နောက် ဂျပန်နိုင်ငံမှ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ Mr.Shimorenjyaku Mitakashi က အန္တရာယ်ရှိသော ကွေ့များတွင် မြေသားအပိုရှိနေပါက လမ်းနံဘေးကိုချဲ့ပြီး လုပ်ပေးသင့်ကြောင်း၊ အမြင်ကွယ်သည့် တောများ၊ ချုံများကို အသေးအမွှားဆိုပြီး မထားဘဲ ရှင်းလင်းသင့်ကြောင်း၊ ကုန်းအဆင်းလမ်းကွေ့အား အဖြောင့်တံတား ထိုးနိုင်ပါက ယာဉ်အန္တရာယ် ရှင်းသွားမည် ဖြစ်သော်လည်း ကုန်ကျစရိတ်များမည် ဖြစ်ကြောင်း ပြောကြားသည်။

Slow Down များကို ဖြုတ်သိမ်း၍ ဖြည်းဖြည်းမောင်းပါဟူသော ဆိုင်းဘုတ်များထူရန် လိုအပ်ကြောင်း၊ စည်းကမ်းမဲ့စွာ အရှိန်မြှင့်၍ ကျော်တက်နေသည်ကို မပြုလုပ်ကြဘဲ စည်းကမ်းနှင့်အညီ မောင်းနှင်ရန် လိုအပ်ကြောင်း၊ လိုအပ်သည်များ ကူညီဆောင်ရွက်နိုင်ရန် ထိုနေ့က တွေ့မြင်ခဲ့ရသော ယာဉ်နှင့် လမ်းအနေအထားများကို ၎င်းတို့ဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ Mr.Shimorenjyaku Mitakashi က ပြောကြားသည်။