စွန့်ပယ်သည့် သနပ်ခါးပင်အဖျားပိုင်း၏ အခေါက်ကို တစ်ပိဿာ ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူမှုများရှိလာ

 

ဈေးကွက်သို့ ပို့ဆောင်ရန် သနပ်ခါးတုံးများ ပြင်ဆင်နေသည်ကို တွေ့ရစဉ်

မြန်မာ့သနပ်ခါးအပင်များ၏ အပွေးမပါသည့် အပိုင်းဖြစ်သော အဖျားပိုင်း၏ (အခြောက်လှန်းပြီးသား) အခေါက်ကို  တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူမှုများ ရှိလာကြောင်း သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။

ယခင်က သနပ်ခါးအပင်များတွင် အပွေးပါသည့် အပိုင်းသာ အရောင်းအဝယ်ဖြစ်ပြီး အဖျားပိုင်းများကို စွန့်ပစ်ရကြောင်း၊ ယခုအခါတွင် အပွေးမပါသည့် အဖျားပိုင်း၏ (အခြောက်လှန်းပြီးသား) အခေါက် တစ်ပိဿာ ကျပ် ၁၀၀၀ နှုန်းဖြင့် အရာတော်မြို့နယ်တွင် ဒိုင်ဖွင့်၍ ဝယ်ယူမှုများရှိလာကြောင်း သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

“အရင်တုန်းက သနပ်ခါးရဲ့ အပွေးပါတဲ့အပိုင်းသာ အရောင်းအဝယ် ဖြစ်ပါတယ်။ အပွေးမပါတဲ့ အဖျားပိုင်းတွေက အရောင်းအဝယ် မဖြစ်ဘူး။ အခုနောက်ပိုင်းမှာ  အပွေး မပါတဲ့ အဖျားပိုင်းအခေါက်ကို အခြောက်လှန်းပြီး တစ်ပိဿာကို ၁၀၀၀ နှုန်းနဲ့ အရာတော်မှာ  ဒိုင်ဖွင့်ပြီး ဝယ်နေပါတယ်။ အဲဒါလည်း အမှိုက်ထဲက ရွှေလိုပဲ စွန့်ပစ်ပစ္စည်းကနေ မစွန့်ပစ်ရတော့ဘဲနဲ့ သနပ်

ခါးခြံတစ်ခြံ ပွဲစားတွေက ခုတ်လိုက်တယ်ဆိုရင် အဲဒီအဖျားရဲ့ အခေါက်ကိုရောင်းတာ အပင် ၁၀၀၀ လောက် ခွာလိုက်တယ်ဆိုရင် အနည်းဆုံး ကျပ်လေးသိန်း၊ ငါးသိန်းလောက်အထိ ရပါတယ်။ အဲဒါဟာ သနပ်ခါး အခေါက်တစ်ပိဿာဟာ တစ်နှစ်မှ ဒီလိုမျိုးဟာမျိုး၊ အနေအထားမျိူး မဖြစ်ဖူးဘူး။ ဒီနှစ်မှ အခေါက်တစ် ပိဿာ ၁၀၀၀ ဈေးကွက်ကို ရရှိလာပါတယ်။ ဒီဈေးကွက်ကို ကျွန်တော်တို့ သနပ်ခါးအသင်းအနေနဲ့ ဆက်လက်ပြီး တည်မြဲပါစေ။ ဒီထက်မက တိုးတက်ဖို့ရာပဲ မျှော်လင့်စောင့်စား ရမှာပဲ”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် မြန်မာ့သနပ်ခါး ဈေးကွက်မှာ ရောင်းအားကောင်းလာပြီး ဈေးရရှိလာကြောင်း၊ အရာတော်မြို့နယ်မှ ထွက်ရှိသည့် သနပ်ခါးကို မန္တလေး၊ ပဲခူး၊ ပုသိမ် ရန်ကုန် စသည့်မြို့နယ်များသို့ နေရာအနှံ့ တင်ပို့ရောင်းချနေကြောင်း၊ မြန်မာ့သနပ်ခါးအား သစ်တောခွန် ကင်းလွတ်ခွင့်ပြုပြီး လွတ်လပ်စွာ သယ်ယူရောင်းဝယ်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ပေးသော်လည်း ဖမ်းဆီးမှုများရှိနေသေးကြောင်း သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို အရာတော်၊ ပခုက္ကူ၊ ရေစကြို၊ ပေါက် နှင့် မြိုင် စသည့် မြို့နယ်ငါးမြို့နယ်တွင် အဓိကစိုက်ပျိုးကြကြောင်း၊ ယခုအခါတွင် ပြည်ပမှ သနပ်ခါး အလှကုန်များ ဝင်ရောက်လာသဖြင့် ပြည်တွင်းသနပ်ခါး ဈေးကွက်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း သိရသည်။