စီးပွားရေးအကျပ်အတည်းကြောင့် ကုမ္ပဏီတွေရပ်တည်ဖို့ ခက်လာကြပြီ

ရန်ကုန်မြို့ရှိ စက်ရုံတစ်ခုမှ အလုပ်သမားများ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေကြစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

NLD အစိုးရတက်လာပြီး တစ်နှစ်ခွဲအကြာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ထင်သလောက် ကောင်းမွန်တိုးတက်လာခြင်းမရှိဘဲ အခြေအနေ ဆိုးရွားလာကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက တညီတညွတ်တည်း သုံးသပ်ပြောကြားလာသည်ကို တွေ့ရသည်။

အစိုးရသစ်တက်လာပြီး စီးပွားရေး မူဝါဒ ၁၂ ချက် ချမှတ်၍ ဆောင်ရွက်လျက်ရှိသော်လည်း ခိုင်မာမှုမရှိခြင်း၊ ပြတ်သားသည့် လုပ် ဆောင်ချက်မရှိခြင်းများကြောင့် မြန်မာ့စီးပွားရေးမှာ မျှော်မှန်းသလောက် တိုးတက်လာခဲ့ခြင်း မရှိခဲ့ပေ။

“အစိုးရရဲ့ စီးပွားရေး မူဝါဒ ၁၂  ချက်က အင်မတန်ယေဘုယျကျတယ်။ ဘယ်ဟာကို ဦးစားပေးမယ်ဆိုတာ ပြတ်ပြတ်သားသားမရှိဘူး” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောကြားသည်။

အစိုးရသစ် အားကိုးအားထားပြုခဲ့သည့် နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုများမှာလည်း ခွင့်ပြုချက်များ ပေးထားသော်လည်း အမှန်တကယ် ဝင်ရောက်လာခြင်း မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်ထောင်စုလွှတ် တော်တွင် လာရောက်ဖြေကြားခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ ကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြေညာထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၉ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃၅၄၆ ဒသမ ၈၉၈ သန်းရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရ အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှလည်း ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာ ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရသည်။

အစိုးရ၏ စီးပွားရေးမူဝါဒ တိကျမှုမရှိခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထင်သလောက်ဝင်ရောက်မှု မရှိခြင်း၊ ဘက်ဂျက်လိုငွေ များပြားခြင်းများကလည်း မြန်မာ့စီးပွားရေးကို အကျပ်အတည်းအတွင်းသို့ ဆိုက်ရောက်စေခဲ့ခြင်းဖြစ်ကြောင်း  စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။

“ အခုကတော့ တစ်ဖက်က အစိုးရအနေနဲ့ကလည်း ဘတ်ဂျက်လိုငွေကို လျော့အောင်ကြိုးစားဖို့ တချို့အသုံးစရိတ်တွေကို ဖြတ်တာတောက်တာတွေ ရှိတာပေ့ါ။ ဒါပေမဲ့ ဘတ်ဂျက်လိုငွေက တော်တော်လေး များနေတယ်။ လိုငွေများနေတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အချို့ကို ရပ်ထားတယ်။ တချို့ကို ပုဂ္ဂလိကလက်ကိုလွှဲဖို့ လုပ်နေတယ်။ အဲဒါအစိုးရအပိုင်းကပေါ့။ နောက်တစ်ခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပိုင်းကလည်း မှန်းသလို မဝင်ဘူး။ တစ်ဖက်က စီးပွားရေးဘက်က ကြည့်ရင်လည်း ဥပဒေတွေ ပြင်ပေးတာတွေရှိတယ်။ အခွန်တွေလျှော့ပေးတာ။ နိုင်ငံခြားကုမ္ပဏီတွေကို ပြည်တွင်းကုမ္ပဏီတွေနဲ့ တန်းတူသဘောထားပြီး အခွင့်အရေးတွေပေးတာတွေ ရှိတာပေါ့။ သို့သော်လည်း နိုင်ငံရေးအခြေအနေအရ တည်ငြိမ်မှုမရှိဘူး။ တချို့တိုင်းပြည်တွေကလည်း မြန်မာနိုင်ငံအပေါ်မှာ အမြင်တစ်မျိုးဖြစ်တယ်ပေါ့။ အထူးသဖြင့် အနောက်ပိုင်း နိုင်ငံတွေပေါ့။ အဲဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း ထင်သလောက် မဝင်လာဘူး။ အဲဒီတော့ စီးပွားရေး လုပ်ငန်းတွေ တုံ့ဆိုင်းနေတာပေါ့”ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောကြားသည်။

 

အစိုးရသစ်လက်ထက်မှာ ဘာအခက်အခဲတွေရှိသလဲ

အစိုးရသစ်လက်ထက်၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင်လည်း တိုးတက်လာခြင်း မရှိသည့်အပြင် နိုင်ငံတကာမှ အာရုံစိုက်လာခြင်းခံရသည့် ရခိုင်မြောက်ပိုင်းအရေးမှာလည်း အစိုးရအတွက် အကျပ်အတည်းတစ်ခု ဖြစ်စေခဲ့ကြောင်း ဦးဇော်ဖေဝင်းက ပြောကြားသည်။

“အစိုးရမှာ အကျပ်အတည်းက တော်တော်များတယ်။ ဥပမာဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကလည်း ရှေ့မတိုးနိုင်ဘူး။ ပင်လုံညီလာခံ လုပ်ပေမယ့် NCA ကိုလက်မှတ်ထိုးတဲ့ အဖွဲ့အစည်းက တိုးမလာဘူး။ အချင်းချင်းလည်း ပြဿနာလေးတွေ ရှိနေတယ်။ ငြိမ်းချမ်းရေးကလည်း ရှေ့မတိုးဘူး။ တစ်ပြိုင်နက်တည်းမှာပဲ ပြဿနာအသစ်တစ်ခု ထပ်ပေါ်လာတာကတော့ ရခိုင်အရေးပေါ့။ အဲဒါကလည်းအင်မတန်ကြီးတော့ နိုင်ငံတကာကလည်း ဖိအားပေးလာတာပေါ့။ အဲဒါတွေရှိနေတော့ အစိုးရအနေနဲ့လည်းအဲဒါတွေကို ဦးစားပေးနေရတော့ စီးပွားရေးကို တိုးတက်ဖို့ သိပ်ဦးစားမပေး နိုင်တာကို တွေ့လာရတယ်” ဟု ဦးဇော်ဖေဝင်းက ပြောကြားသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သော စီးပွားရေး အခြေခံအဆောက်အအုံများ လုံလောက်မှုမရှိခြင်း၊ အခြားတိုင်းပြည်များနှင့် နှိုင်းယှဉ်ပါက လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းစသည့် အခြေအနေများကလည်း မြန်မာအစိုးရအတွက် ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်ကို တွေ့ရသည်။

ထိုသို့သော အကြောင်းအရာများအပြင် လွန်ခဲ့သည့် ရက်သတ္တပတ်က ထွက်ပေါ်ခဲ့သည့် Myanmar Insider အဖွဲ့က ထုတ်ပြန်သည့် စစ်တမ်းတစ်ခုတွင် အစိုးရအဖွဲ့၏ စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်မှု အားနည်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စီးပွားရေး အခြေအနေများအပေါ် သဘောထားမှတ်ချက်များ ပေးခဲ့သည်ကို တွေ့ရသည်။

အဆိုပါစစ်တမ်းတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စီးပွားရေးစီမံခန့်ခွဲမှုနှင့် NLD အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှုများ နှိုင်းယှဉ်ပေးရန် စစ်တမ်းတွင် ဖြေဆိုခိုင်းခဲ့သည်။

ယင်းစစ်တမ်း၏ ရလဒ်အရ NLD အစိုးရလက်ထက်တွင် စီးပွားရေးစီမံခန့်ခွဲမှုမှာ ယခင်အစိုးရ လက်ထက်ထက် ပိုမိုကောင်းမွန်ခြင်း မရှိကြောင်း အများအပြား မှတ်ချက်ပေးခဲ့သည်ကို တွေ့ရသည်။

အစိုးရ၏ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနဲ၏ ပြောကြားချက်အရ ကျန်ရှိခဲ့သည့် တစ်နှစ်တာကာလမှာ ယခင်အစိုးရ လုပ်ကိုင်ခဲ့သည့် အခြေအနေများကို ဖြေရှင်းဆောင်ရွက်နေရခြင်းဖြစ်ပြီး လာမည့်နှစ်တွင် တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သို့သော် Myanmar Insider တွင် ပါဝင်ဖြေဆိုထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ထင်မြင်ချက်များအရ မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမကောင်းဟု ဖြေဆိုထားသူ ၆၃ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရသည်။ အလွန်မကောင်းဟု ဖြေဆိုသူမှာ ၁၉ ရာ ခိုင်နှုန်းရှိပြီး ကောင်းမွန်သည်ဟု ဖြေဆိုသူမှာ ၁၉ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဗျူရိုကရေစီ ယန္တရားများ အမြစ်တွယ်နေခြင်း၊ မှန်ကန်တိကျသော မြေပြင်အခြေ အနေများကို သိရှိမှသာ မှန်ကန်စွာ သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ တိကျပြတ်သားမှုရှိသည့် မူဝါဒများ ချမှတ်ရန်လိုအပ်ကြောင်း ဦးဇော်ဖေဝင်းက ဆိုသည်။

“အစိုးရအနေနဲ့ အခြေအနေမှန်ကို သေသေချာချာသိရအောင် ပြန်သုံးသပ်ဖို့လိုတာပေါ့။ တချို့ကလည်း ပြောနေကြတယ်။ ပြန်တိုးတက်လာမယ် ဆိုတာတွေပေါ့။ အဲဒီထဲမှာတလောကပဲ သိပ်မကြာသေးခင်ကပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်ရှောင်တာနဲဆိုတာ ရှိတယ်။ သူကလည်း အင်တာဗျူးတစ်ခုမှာ အခြေအနေက ကောင်းသွားတော့မယ့် ပုံစံမျိုးပြောသွားတယ်။ ပြီးခဲ့တဲ့ သက်တမ်းမှာ အရင်အစိုးရက ချထားတဲ့ ပြဿနာကြီးတွေကို ရှင်းနေရတယ်။ ၂၀၁၈ မှာတော့ စီးပွားရေးတိုးတက်မှုကို အာရုံစိုက်မယ်။ ဘာညာစသဖြင့် ပြောသွားတယ်။ အဲဒီလောက် ပြောတာနဲ့ မလုံလောက်ဘူး။ မူဝါဒကို သေချာပြန် သုံးသပ်ဖို့လိုတယ်။ မူဝါဒမှာလည်း ဘာဦးစားပေးဆိုတာကို ပြတ်ပြတ်သားသား ချဖို့လိုပြီ။ အဲဒါမှ စီးပွားရေးက တိုးတက်နိုင်မယ်။ နို့မို့ဆို မျောနေမှာပဲ” ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ပြောကြားသည်။

 

မြန်မာ့စီးပွားရေးကျပ်တည်းမှု ဘယ်သူတွေခံစားရလဲ

မအေးအေးဝင်းမှာ လခစားဝန်ထမ်းအဖြစ် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။ သူမမှာ အဆိုပါ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်နေသည်မှာ နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်လခန့်က ကုမ္ပဏီမှ ဝန်ထမ်းများလျှော့ရာတွင် သူမပါဝင်သွားခဲ့သည်။

“အဲဒီမှာ အလုပ်လုပ်တာ နှစ်နှစ်ကျော်ပြီ။ သုံးလစာပေးပြီး အထုတ်ခံလိုက်ရတယ်” ဟု မအေးအေးဝင်းက ပြောကြားသည်။

အဆိုပါကုမ္ပဏီတွင် ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ကြာမြင့်လာပြီဖြစ်သော်လည်း ယင်းကဲ့သို့ အလုပ်ထုတ်ခံရခြင်းမှာ သူမအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့ကြောင်း သူမက ပြောကြားသည်။

“အလုပ်မရှိတော့တဲ့အချိန်မှာ ဘယ်လိုနေရမလဲ။ တစ်လစာ မိသားစုအတွက် ဘယ်လိုရှာမလဲဆိုတာက ခေါင်းထဲရောက်ပြီး ဘယ်လိုမှနေလို့မရဘူး” ဟု မအေးအေးဝင်းက ပြောကြားသည်။

လက်ရှိအခြေအနေများအရ မြန်မာ့စီးပွားရေးလုပ်ငန်းများမှာ ကောင်းမွန်ခြင်းမရှိဘဲ လုပ်ငန်းများကို ရပ်တန့်ထားရခြင်း၊ အလုပ်သမား လျှော့ချခြင်းများကို ပြုလုပ်လာရကြောင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် လုပ်သားအင်အား စစ်တမ်းအရ အသက် ၁၅ နှစ်နှင့် အထက် လုပ်သားအင်အား မှာ ၃၆ ဒသမ ၃၉ သန်းရှိသည့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ စီးပွားရေး ကျဆင်းလာမှုကြောင့် အခြေခံလူတန်းစားများတွင် အဆိုပါ စီးပွားရေး ကျပ်တည်းမှုဒဏ်ကို ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်အကိုင်ကတော့ မကောင်းဘူး။ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ရင်ပိုပြီးတော့ ခက်ခဲလာတယ်။ ဘယ်လိုခေါ်မလဲ။ ယူပြီးမလုပ်တာ။ မယူတဲ့သူကလည်း မလုပ်ဘူး။ လုပ်တော့ လုပ်တယ်။ ဟိုဟာကို ကြောက်သလို ဒီဟာကို ကြောက်သလိုနဲ့ ဖြစ်နေတယ်။ ဘယ်ဟာမှ မတိုးတက်လာဘူး။ ပိုပြီး ကြန့်ကြာနေတဲ့ သဘောရှိတယ်။ စီးပွားရေးက တော်တော်ကြီးကို ချွတ်ခြုံကျနေတဲ့ သဘောရှိတယ်။ ဆောက်လုပ်ရေးလောကမှာ ဖြစ်တာကြာပြီ။ တချို့ကုမ္ပဏီတွေဆို ပိုတောင်ဆိုးသေးတယ်။ အထပ်မြင့်တွေ ရပ်တုန်းကဆို ချက်ချင်းကို တစ်လစာပေး၊ သုံးလစာပေးပြီး ဝိတ်လျှော့တာတွေ အများကြီး ဖြစ်လာတယ်။ နောက်တစ်ခုကျတော့မလျှော့ ရင်တောင်မှ  လစာတိုးပေးရင်တောင် အရမ်းကြီး လိုအပ်တဲ့သူဆို တိုးပေးပြီး ကျန်တဲ့သူဆို မတိုးပေးတော့ဘူး။ ပုံမှန်လူလောက်ဆို တိုးပေးဖို့ သိပ်မစဉ်းစားတော့ဘူး။ အဲဒီ လိုမျိုးလေးတွေ ဖြစ်လာတယ်။ တော်တော်များများကတော့ လျော့သွားတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း  ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်သည့် ဖြစ်စဉ်မှာလည်း အခြေခံလူတန်းစားများအတွက် ပိုမိုဆိုးရွားလာစေသည့် အခြေအနေများ ဖြစ်ပေါ်လာပြီး အများစုမှာ မိမိရရှိသည့် ဝင်ငွေအတွက် ကျန်းမာရေး စရိတ်များ၊ လူမှုရေးစရိတ်များတွင် သုံးစွဲနိုင်ခြင်းမရှိဘဲ စားဝတ်နေရေး အတွက်သာ အသုံးပြုနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ၏ ၄၈ ဒသမ ၈ ရာ ခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများဖြစ်ပြီး လက်လီလက်ကား ရောင်းဝယ်မှု ကဏ္ဍတွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၀ ဒသမ  ၈ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍတွင် ၄ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးလုပ်ကိုင်လျက်ရှိပြီး ပညာရေးကဏ္ဍတွင် ၃ ဒသမ ၀ ရာခိုင်နှုန်းသာ လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့် ပိတ်လိုက်သဖြင့် တောင်သူအများစုမှာ အကျပ်အတည်းဖြင့် ရင်ဆိုင်ခဲ့ရသည်။

အစိုးရသစ် တက်ခါစတွင် ပြည်ပသို့ သွားရောက်လုပ်ကိုင်သူ အများစုမှာရရှိသည့် အလုပ်ကို လုပ်ကိုင်မည်ဟု ဆုံးဖြတ်ကာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သို့သော်တစ်နှစ်ကျော် အကြာတွင် ပြည်တွင်း၌ အလုပ်မရှိသည့် အခြေအနေအပေါ် ရပ်တည်နိုင်ခြင်းမရှိဘဲ ပြည်ပသို့ ပြန်လည်ထွက်ခွာပြီး အလုပ်ပြန်လုပ်ရသည့် ဖြစ်စဉ်များလည်း ရှိလာခဲ့သည်။

“ စင်ကာပူက ပြန်လာတဲ့ အင်ဂျင်နီယာတွေ ဘာတွေဆို အစိုးရ သစ်တက်ခါစက ပြန်လာကြတယ်။ ငါတို့ အစိုးရသစ်ဆိုတော့ ဒီမှာပဲ လုပ်ကြမယ်ဆိုပြီး ပြန်လာကြတယ်။ ဒါပေမဲ့ အခြေအနေမကောင်းတော့ ပြန်ပြေးကုန်တာ အများကြီး ဖြစ်လာတယ်။ ဒီမှာလုပ်ကိုင်မယ်ဆိုပြီး အားတင်းလာပေမယ့် အလုပ်အကိုင်အခွင့်အလမ်းက ရပ်တန့်သလောက်ဖြစ်နေတော့ ဟိုကိုပြန် သွားရတာတွေ အများကြီး ဖြစ်လာပြီ။ အနည်းဆုံးတစ်နှစ်ဝန်းကျင် လောက်ကတည်းက ဖြစ်လာတာ။ အခုဆို ပိုသိသာလာပြီ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

 

စီးပွားရေးမကောင်းချိန် အခွန်တွေတိုးလာတော့ ဘာဖြစ်လာသလဲ

လက်ရှိ အစိုးရလက်ထက်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရာတွင် အမြင်သာဆုံးသော အခြေအနေမှာ အခွန်များ တိုးကောက်လာခြင်းပင်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက တညီတညွတ်တည်း ပြောကြားသည်။

အောက်တိုဘာ ၁ ရက်မှ စ တင်ကောက်ခံခဲ့သည့် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ အရ သတင်းစာစက္ကူများ အပါအဝင် အခြားသော ကုန်စည်များဖြစ်သည့် ဂျုံမှုန့်၊ ငါးသေတ္တာ၊ အသင့်သောက် သုံးနိုင်သည့် ကော်ဖီ၊ အိမ်သုံး ဆား၊ သန့်စင်ပြီးသကြား၊ လက်ဖက်၊ ချည်ထည်ဖျင်ကြမ်း၊ ဝါအကြမ်း/ အ ချော၊ ချည်ခင်၊ ဘိလပ်မြေ၊ ပရိဘောဂ၊ အဲကွန်း၊ လေအေးပေး စက်၊ ပန်ကာ၊ ဘတ်စ်ကား၊ ထရပ်ကား၊ လူစီးမော်တော်ယာဉ်၊လျှပ်စစ် ကားနှင့် ဟန်းဆက် စသည်တို့ပါဝင်သည်။

ပြင်ဆင်တိုးမြှင့်လိုက်သည့် အကောက်ခွန်နှုန်းများတွင် ဘိလပ်မြေကို ယခင် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းသို့လည်းကောင်း၊ အိမ်သုံးဆားကို ယခင် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ သို့လည်းကောင်း၊ အသင့် သောက်သုံးနိုင်သည့် ကော်ဖီ (Instant Coffee)  ကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသည့် အသီးအနှံများကို ယခင် ၁၅ ရာခိုင်နှုန်းမှ  ၃၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ကြက်သွန်နီ/ ကြက်သွန်ဖြူကို ယခင် ၀ ဒသမ ၅/ ၁ ရာခိုင်နှုန်းမှ ၁၀  ရာ ခိုင်နှုန်းသို့လည်းကောင်း၊ ပန်းများကို ယခင် ငါးရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပရိဘောဂများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ သို့လည်းကောင်း ပြောင်းလဲတိုးမြှင့်ခဲ့သည်။

ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကို  ယခင်သုံးရာခိုင်နှုန်း ကောက်ခံနေရာမှ  ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ CKD  စနစ်ဖြင့် တင်သွင်း ထုတ်လုပ်မည့် ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်များကိုလည်း ယခင် သုံးရာခိုင်နှုန်း ကောက်ခံနေရာမှ ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

အိမ်သုံး လူစီးမော်တော်ယာဉ်များကို ယခင်အတိုင်း မပြောင်းလဲဘဲ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနှင့်အောက် မော်တော်ယာဉ်များကို ရာခိုင်နှုန်း ၃၀၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီအထက် မော်တော်ယာဉ်များကို ယခင်အတိုင်း ရာခိုင်နှုန်း ၄၀ ဖြင့်သာဆက် လက်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတွေက မကောင်းဘူး။ နောက်တခါ Property Tax နဲ့ ကောက်လာတယ်။ တဖြည်းဖြည်းနဲ့ ပိုပြီး လုပ်ရကိုင်ရခက်လာတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

ဒီမိုကရေစီအစိုးရတစ်ရပ်၏ အဓိကဝင်ငွေမှာ အခွန်ဖြစ်သည်ကို နားလည်လက်ခံသော်လည်း ပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အခွန်တိုးလာခြင်းအပေါ် အခက်တွေ့ကြောင်း၊ စီးပွားရေးလုပ်ငန်း ကောင်းမွန်သည်ဆိုပါက လူတိုင်းအခွန်ဆောင်နိုင်သော်လည်း လက်ရှိတွင် အခွန်ဆောင်နိုင်သည့် အခြေအနေတွင် မရှိကြောင်း၊ ပြည်သူများအနေဖြင့် အခွန်ဆောင်သည့် အပေါ်တွင်လည်း မည်သို့အကျိုးများ ရှိသည်ကိုလည်း အစိုးရက ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို လုပ်ကိုင်ပြရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“ လက်ရှိအချိန်ထိတော့ Tax တွေများလာတယ်။ များလာတာကို လက်ခံပါတယ်။ အစိုးရတစ်ရပ်က Tax နဲ့ ရပ်တည်ရတာမို့လို့။ ဒါပေမဲ့ အဲဒီ Tax တွေနဲ့ ညီမျှတဲ့ အခွင့်အရေးတစ်ခု ပြန်လိုချင်တယ်။ အစိုးရက Tax တွေ ကောက်သလို ပြည်သူတွေကလည်း အကျိုးခံစားခွင့်တွေ ပြန်လိုချင်တယ်” ဟု မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့မှ နာယက ဦးကျော်သီဟက ပြောကြားသည်။

“အခွန်တွေကို တိုးကောက် တာကိုလည်း စဉ်းစားသင့်တယ်။ နိုင်ငံစီးပွားရေး ကောင်းလာရင် အခွန်က သူ့ဟာသူ တိုးလာမှာပဲ။ အခွန်ဥပဒေတွေ တိုးလာပေမယ့် နိုင်ငံစီးပွားရေး မကောင်းရင် အခွန်လည်းတိုးမှာမဟုတ်ဘူး။ ဆောင်တဲ့ သူမရှိရင်အလကားပဲ” ဟု  မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိအခြေအနေများအရ အစိုးရအနေဖြင့် အခွန်များ တိုးမြှင့်ကောက်ခံခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။ သို့သော် လက်တလောတွင် စက်သုံးဆီများနှင့် ပတ်သက်ပြီး နောက်ဆုံးသုံးစွဲသူများထံမှ အခွန်ထပ်မံကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု သတင်းများလည်း ထပ်မံထွက်ပေါ်လျက်ရှိသည်။

 

ပြည်တွင်းက အသေးစားစက်မှု လုပ်ငန်းတွေရော အခြေအနေကောင်းရဲ့လား

အစိုးရသစ် တက်ခါစတွင် ပြည်တွင်းရှိ အသေးစားအလတ်စား စက်မှုလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများအတွက် ပံ့ပိုးပေးမည်ဟုဆိုကာ စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ ဒုသမ္မတ (၁) မှ ဦးဆောင်၍ ချေးငွေများ ရရှိနိုင်ရန်ဆောင်ရွက်ပေးခြင်းများ၊ SMEs များအတွက် လုပ်ထုံးလုပ် နည်းများကို ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

သို့သော် တစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် သိသိသာသာ ပြောင်းလဲလာခြင်း မရှိဘဲ အသေးစား အလတ်စား လုပ်ငန်းရှင်များ၏ ညည်းတွားမှုများသာ ထွက်ပေါ်လာခဲ့သည်။ ချေးငွေများ ရယူရာတွင် မလိုလားအပ်သော စာရွက်စာတမ်းများ တင်ပြစေခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ရှိလာသဖြင့် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးရခြင်းများ ရှိလာကြောင်း အသေးစား စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“ဘာမဆိုင် ညာမဆိုင် ချေးငွေယူတာ အိမ်ထောင်ရှိလား မေးတယ်။ မရှိဘူး လူပျိုဆိုတော့ တရားရုံး ထောက်ခံချက်ယူခဲ့ပါတဲ့။ အဲဒါက မလိုဘူးလေ။ ကျွန်တော်ချေး ငွေယူတာ အိမ်ထောင်ရှိတာ မရှိတာနဲ့ မဆိုင်ဘူး။ လုပ်ငန်းကိုပဲ ကြည့်ရမှာ အခုတော့ တလွဲတွေဖြစ်နေတယ်။ အဲဒီအတွက်က တရားရုံးမှာ လူပျိုစစ်ကြောင်း ကျမ်းသွားကျိန်ရတယ်” ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ လုပ်ငန်းရှင်မှာ ပုဂ္ဂလိကဘဏ်တစ်ခုမှ အသေးစားချေး ငွေအဖြစ် ကျပ်သိန်း ၂၀၀ ချေးယူ ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ချေးငွေအား ရှစ်လကျော် စောင့်ဆိုင်းခဲ့ရသည်။

“လုပ်ငန်းရှင်တွေဆိုလည်း အခွန်တွေပေးရတယ်။ အစ်ကိုတို့ SMEs တွေဆို အခွန်တွေလည်း ဆောင်ရတယ်။ ဒါပေမဲ့ အစ်ကိုတို့ လုပ်ငန်းလေးတွေဆိုရင် ဘဏ်က ချေးငွေရဖို့တောင် ပိုက်ဆံတွေ မချေးပြန်ဘူး။ လက်ရှိမှာက Export က အရမ်းများနေတယ်။ Import က အရမ်းနည်းနေတယ်။ ကောက်ပဲသီးနှံလောက်ပဲ ပို့နိုင်တာလေ။အဲဒါတောင် ပြဿနာတွေ ရှိနေတယ်။ အဲဒီလိုမညီမျှတဲ့အကြောင်းတွေမှာ အိမ်တွင်းမှုလုပ်ငန်းလေးတွေ။ တနိုင်တပိုင်လုပ်ငန်းလေးတွေက မဖွံ့ဖြိုးတော့ဘူး။ သွင်းကုန်အစားထိုးများလာတော့ လက်ရှိ ပြည်တွင်းမှာ လည်ပတ်နေတဲ့ လုပ်ငန်းရှင်ငယ်လေးတွေက သူတို့ရဲ့ လုပ်ငန်းလေးတွေ ကျလာတာပဲ။ ကျတဲ့အခါကျတော့ အလုပ်က နားရတာပဲ။ အခု ကျွန်တော်လုပ်နေတဲ့ လက်ဖက်လုပ်ငန်းဆိုရင် တရုတ်ပြည်က ဝင်လာတဲ့ လက်ဖက်နဲ့ ဈေးကွက်ခြင်း ယှဉ်နေရတယ်။ ဥပမာ ကိုယ်တို့သာ ဒီထက်ထပ်ပြီး မယှဉ်နိုင်တော့ဘူးဆိုရင် တရုတ်ပြည်က လက်ဖက်တွေ အလုံးအရင်းနဲ့ ဝင်လာရင် ကိုယ်တို့ကုမ္ပဏီပိတ်ရတော့မယ်။ ပိတ်ရပြီဆိုကတည်းက ဝန်ထမ်းတွေကို အလုပ်ထုတ်ရတော့မယ်။ လျှော့ရတော့မယ” ဟု မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့မှ နာယက Nara Green Tea  လက်ဖက်ခြောက်များ ထုတ်လုပ်လျက် ရှိသည့် N. I. C. E လီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောကြားသည်။

လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် ပြည်တွင်းရှိ အသေးစားလုပ်ငန်းများအတွက် ထောက်ပံ့မှုအဖြစ် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်မည်ဆိုပါက ချေးငွေ ထိုင်းဘတ်သန်းတစ်ရာအား ၁၀ နှစ်ချေးပေးကြောင်း၊ မြန်မာအစိုးရအနေဖြင့် ထိုသို့ ပြုလုပ်ပေးနိုင်ရန် မရှိနိုင်သေးကြောင်း၊ လတ်တလောတွင် အသေးစားလုပ်ငန်းများအတွက် အတိုးနှုန်းကိုပင် သက်သာစေရန် လျှော့ချပေးခြင်း မရှိသေးကြောင်း ဦးကျော်သီဟက ပြောကြားသည်။

“ထိုင်းဆို ဘတ်သန်းတစ်ရာ မြန်မာငွေ သိန်းပေါင်း သုံးသောင်းခွဲပေါ့။ ၁၀ နှစ် Loan ပေးတယ်။ သုံးနှစ်အတိုးမဲ့နဲ့ လုပ်ပေးတယ်။ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား အဲဒီနိုင်ငံတွေမှာ အလုပ်သွား လုပ်မယ်ဆိုရင် ထုတ်ချေးတဲ့ ငွေကြေးပေါ့။ သူတို့တွေက ၃.၉ ပဲရှိ တယ်။ အတိုးနှုန်းက။ ဒီမှာကတော့ ရှစ်ကျပ်ဆိုတော့ သူတို့ကို အစ်ကိုတို့ ဘယ်လိုယှဉ်မလဲ။ အဲဒီမှာတင် သေတာပဲ။ အခုဒီမှာဖြစ်နေတာက လုပ်ငန်းတစ်ခုရဲ့ လုပ်ကိုင်မှုကို ကြည့်တာမဟုတ်ဘူး။ ပိုင်ဆိုင်မှုက ဘာတွေရှိသလဲဆိုတာပဲ ကြည့်တယ်။ SMEs တွေ ပြဿနာတက်နေတာ အကြောင်းနှစ်ချက်ရှိတယ်။ တစ်ခုက အပြင်က အတိုးနှုန်းကြီးကြီးနဲ့ ပိုက်ဆံတွေကို ယူထားရတယ်။ ချေးငွေယူချင်တာက အပြင်က ယူထားတဲ့ အတိုးနှုန်းကြီးကြီးနဲ့ ယူထားရတဲ့ဟာကို အရင်ဆပ်မယ်။ ဒုတိယအချက်က အဲဒီထဲမှာ ကျန်တဲ့ဟာကို ထပ်ရင်းမယ်။ မဟုတ်ဘဲနဲ့ဆို ယူထားတာ နှစ်ခါဖြစ်သွားရင် တော်တော်ကျပ်တည်းပြီ။ အတိုးနှစ် ခုပေးရမယ့်သဘောမှာ ရှိတယ်။ သိန်းတစ်ရာချေးရင် ၃၆ သိန်း လောက်ပေးနေရတဲ့ အတိုးကို အရင်ဆပ်ချင်တယ်။ အဲဒီအတွက် ကျန်တာကို ထပ်ရင်းမယ်။ ဈေးကွက်လည်း ရှိလျက်သားနဲ့ ပေးတဲ့ချေးငွေက အပြင်မှာ ယူထားတဲ့အကြွေးကို မကျေနိုင်လို့ မယူဘဲနဲ့ လက်လွှတ်ခဲ့ရတဲ့ လုပ်ငန်းရှင်တွေ အများကြီးပဲ” ဟု ဦးကျော်သီဟက ပြောကြားသည်။

လတ်တလောတွင် မြန်မာ့စီးပွားရေးဘဏ်မှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကျပ် ဘီလျံ ၂၀၀ ထုတ် ချေးပေးမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် JICA ချေးငွေအစီအစဉ်ဖြင့် တောင်သူလယ်သမားများထံ နှစ်လတ်ချေးငွေများ ထုတ်ချေးပေးရန် စတင်စီစဉ်နေပြီး မြန်မာ့စီးပွားရေးဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းများသို့ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ကျပ် ဘီလျံ ၃၀ ကို ၂၀၁၅-  ၂၀၁၆ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထုတ်ချေးပေးခဲ့သည်။ ထို့ပြင် JICA မှပင် သက်သာသော နှစ်ရှည်ချေးငွေရယူပြီး SMEs များသို့ ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ Two Step Loan ချေးငွေအသွင်ဖြင့် နှစ်လတ် (သုံးနှစ်မှ ငါးနှစ်အထိ) ချေးငွေ ကျပ် ၅၇ ဘီလျံ ထုတ်ချေးပေးခဲ့သည်။

ထိုသို့ ချေးငွေများ ထုတ်ချေးပေးခြင်းများ ရှိသော်လည်း အဓိက တစ်ခုဖြစ်သည့် အလတ်စားနှင့် အသေးစားလုပ်ငန်းများအတွက် အခွန်နှင့်ပတ်သက်သည့် အခြေအနေတွင် လျှော့ပေါ့ခြင်းများ မရှိသည်ကို တွေ့ရကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောကြားသည်။

“SMEs တွေနဲ့ ပတ်သက်ပြီး အစိုးရကလည်း တတ်နိုင်သလောက် လုပ်ပေးနေတယ်။ ဒုသမ္မတ (၁) ကိုယ်တိုင်လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး လုပ်ပေးနေတာတော့ ရှိတာပေါ့။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ SMEs တွေကတင်ပြတဲ့ အခွန်ကိစ္စလိုဟာမျိုးကျတော့ စီမံဘဏ္ဍာဘက်က သိပ်ပြီးလျှော့မပေးတဲ့ သဘောမျိုးတွေရှိတယ်” ဟု ဦးဇော်ဖေဝင်းက သုံးသပ်သည်။

“အသေးစား အလတ်စားတွေကို ဖြစ်တဲ့နည်းနဲ့ အားပေးရမယ်။ လိုအပ်ချက်တွေက ဈေးကွက်၊ ငွေကြေးအရင်းအနှီး။ SMEs တွေသည် ရင်းနှီးမြှုပ်နှံမှုနည်းတဲ့အတွက် အလုပ်မလုပ်နိုင်တာတွေ အများကြီးပဲ။ SMEs Loan တွေသာ လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူရမယ်ဆိုရင် လုပ်နိုင်တာတွေ အများကြီးပဲ။ အစ်ကိုတို့ဆို လိုအပ်တဲ့ စက်ပစ္စည်းတွေဝယ်မယ်။ နိုင်ငံတကာ ဈေးကွက်အတွက်ကို ရအောင်ရှာမယ်။ အဲဒီအဆင့်အထိ သွားမယ်ဆိုရင် Inverestment Capital လိုအပ်လာပြီ။ ပြီးတော့ နည်းပညာတွေ လိုတယ်။ အခုလွှတ်နေတာတွေက အစိုးရဝန်ထမ်းတွေကိုလွှတ်တာ။ ပုဂ္ဂလိကကဏ္ဍက လူတွေကို မလွှတ်ဘူး။ နောက်ပြီး ဈေးကွက်ဆို အစိုးရကိုယ်တိုင်က ရှာပေးနိုင်ဖို့ လုပ်ရမယ်။ အခုလာလုပ်နေတဲ့ကုန် စည်ပြပွဲတွေဆိုတာ အလကားလာလုပ်တာ မဟုတ်ဘူး။ သူတို့အစိုးရ ကိုယ်တိုင်က သူတို့ဆီက SMEs လေးတွေအတွက် ဈေးကွက်ရှာပေးတာ။ ဈေးကွက်ရတော့ ကိုယ်တို့ဆီကိုပို့တော့ ဒီဘက်က တနိုင်တပိုင်လေးတွေက သွားတာပဲလေ။ ဒီအချက်သုံးချက်ပေါ်မှာ အစိုးရက အမြန်ဆုံး အကောင်အထည်ဖော်သင့်နေပြီ” ဟု ဦးကျော်သီဟက ပြောကြားသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု တည်ထောင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသော်လည်း လက်တလောတွင် အဆိုပါ လုပ်ငန်းငယ်များမှာ လကုန်ရက်များကိုပင် တွေးကြောက်နေရသည့် အခြေအနေများတွင်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“လကုန်ပြီဆိုရင် ကိုယ့်ဆီက အလုပ်သမားတွေကို ဘယ်လိုလစာပေးရမလဲဆိုတာက လမကုန်ခင် ၁၀ ရက်လောက်ကတည်းက စဉ်းစားနေရပြီ။ အဲဒီကတည်းက ဟိုကနည်းနည်းစု ဒီကနည်းနည်းစုနဲ့ ပြည့်အောင်ရှာထားရတယ်။ မိသားစုလို ဖြစ်နေတဲ့သူတွေကို လစာမပေးနိုင်တာ မဖြစ်အောင်ပေါ့” ဟု အမည်မဖော်လိုသူ ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးက ပြောကြားသည်။

 

မြန်မာ့စီးပွားရေးမှာ ငွေကြေးကျပ်တည်းမှုတွေ ကြုံနေပြီလား       

စီးပွားရေး လုပ်ငန်းရှင်အများစုမှာ လက်ရှိအချိန်တွင် စီးပွားရေးကဏ္ဍအတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ မရှိသလောက် နည်းပါးလျက်ရှိသဖြင့် မြန်မာ့စီးပွားရေးတွင် ငွေကြေးလည်ပတ်မှုအားနည်း လျက်ရှိကြောင်း စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

“ငွေကျပ်တယ်ဆိုတာက စီးပွားရေးလုပ်ငန်းတွေ ထိုင်းသွားတဲ့ အခြေအနေမျိုးမှာ ဖြစ်တာ။ ဒါပေမဲ့ လူတွေလက်ထဲမှာ ပိုက်ဆံရှိတယ်။ မရှိဘူးမဟုတ်ဘူး။ အထူးသဖြင့်တော့ ချမ်းသာတဲ့သူတွေက ပိုပိုပြီးတော့ ပိုက်ဆံတွေရနေကြတယ်။ ဒါပေမဲ့သူတို့က အဲဒါတွေကို ဥပမာ ရွှေ၊ စိန်၊ ခြံမြေနေရာတွေမှာပဲ သုံးနေတာတွေ့ရတယ်။ ကုန်ထုတ်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့အတွက်တော့ တစ်ဖက်ကကြည့်တော့ ကုန်ဈေးနှုန်းတက်တာတို့။ အခွန်ပြဿနာတို့က ရှိနေတော့ သူတို့ ကိုင်ထားတဲ့ ငွေကလည်ပတ်မှုထဲကို မရောက်တာ။ လည်ပတ်မှုထဲကိုရောက်မှ ချောင်လည်မှာ။ လူတွေလက်ထဲမှာ ရောက်နေတဲ့ ငွေပမာဏက မနည်းဘူး။ ဒါပေမဲ့ သူတို့တွေထပ်ပြီး မသုံးတော့တဲ့အတွက် ငွေကမလည်တော့ဘူး ဖြစ်နေတာ။ သူတို့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့လောက်ပဲ စဉ်းစားတော့တယ်။ တိုးချဲ့ဖို့ဆိုတာ မရှိတော့ဘူး။ ခိုင်မာတဲ့ရပိုင်ခွင့် Asset တွေကိုပဲ စုဆောင်းတဲ့  သဘောမျိုး တွေ့နေရတယ်။ ဝင်ငွေများများရတဲ့သူတွေက လည်ပတ်မှုထဲကို မရောက်စေဘဲနဲ့ ထိန်းထားတဲ့ သဘောမျိုးရှိတာပေါ့။ အဲဒီသဘောပဲ” ဟု ဦးဇော်ဖေဝင်းက ပြောကြားသည်။

မြန်မာ့စီးပွားရေးမှာ ယခုအတိုင်းသာ ဆက်သွားနေပါက ကောင်းမွန်လာမည့် အနေအထားတွင် မရှိဘဲ ငွေကြေးလည်ပတ်မှုမှာလည်း ယခုထက် ပိုမိုဆိုးရွားသွားနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမျိုးမြင့်က ပြောကြားသည်။

“စီးပွားရေးမကောင်းတဲ့ အတွက်ကြောင့် ငွေကြေးစီးဆင်းမှု မကောင်းဘူး။ စီးပွားရေးကောင်းရင် ငွေကြေးစီးဆင်းမှုကောင်းမယ်။ ဒီသဘောပဲ။ စီးပွားရေး မကောင်းတော့ ငွေကြေးစီးဆင်းမှုမရှိသလောက် ဖြစ်နေတော့ ကျွန်တော်တို့ လုပ်ငန်းတွေ အဆင်မပြေဘူး။ အခု ငွေကြေးစီးဆင်းမှုက သေနေတဲ့သဘော ဖြစ်နေပြီ” ဟု ၎င်းက ပြောကြားသည်။

လုပ်ငန်းရှင်ကြီးများအနေဖြင့်လည်း ကောင်းမွန်သည့် စီးပွားရေး ပတ်ဝန်းကျင်မရှိမှုကြောင့် လက်ရှိတွင် မိမိလုပ်ငန်း ဟန်မပျက်လုပ်ကိုင်နေသည့် အခြေအနေသာရှိပြီး လုပ်ငန်းသစ်များ ထပ်မံတိုးချဲ့နိုင်ရန် စဉ်းစားခြင်းမရှိသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

“ရေရှည်မှာ ပိုဆိုးလာမယ်။ ဝန်ထမ်းတွေကို လျှော့လာတာတွေက ဖြစ်နေပြီလေ။ အနည်းဆုံးလုပ်ခကြေးငွေမှာ နှစ်နှစ်တစ်ခါတိုးရမယ်။ ပြီးတော့ အခွန်ပေါ့။ အခုအခွန်တွေ တိုးလာတယ်။ လုပ်ခကိုတိုးပေးတော့ ကုန်ဈေးနှုန်းတွေတက်မယ်။ အဲဒီဒဏ်ကို အလုပ်သမား လူတန်းစားပဲ ပြန်ခံရတယ်။ ဂျာအေးသူ့အမေရိုက် ဖြစ်နေတာပဲလေ။ ဥပဒေမှာ ပြဋ္ဌာန်းတာ နည်းနည်းလွဲနေတယ်။ နှစ်နှစ်တစ်ခါ တိုးတာကို ပြန်ဆန်းစစ်မယ်ဆိုတာမှာ အလုပ်ကောင်းရင်တိုးမယ်။   မကောင်းရင် မတိုးဘူး။ လျှော့သင့်ရင် လျှော့ရမယ်။ အတိုးဘက်ကိုချည်း လုပ်လို့မရဘူး။ အခုအခြေအနေက။ အခုတော်တော်များများ လုပ်ငန်းတွေမှာ တိုးခန့်ဖို့ နေနေသာသာ လျှော့ဖို့ကိုပဲ စဉ်းစားနေရတယ်။ ဒါက အစ်ကိုတို့လောကတင် မဟုတ်ဘူး။ တော်တော်များများမှာ အဲဒီအတိုင်း ဖြစ်နေပြီ။ ဒီလိုသာ ဆက်ဖြစ်နေရင် နိုင်ငံစီးပွားရေးလည်း ကောင်းမှာ မဟုတ်ဘူး။ စီးပွားရေးကောင်းရင် အလုပ်ရှင်ကလည်း ပေးနိုင်မယ်။ စီးပွားရေး မကောင်းရင်တော့ မပေးနိုင်တော့ဘူး။ စီးပွားရေးမကောင်းရင် ရှိတာကို မှေးလုပ်ရုံပေါ့။ ထိုင်နေအကောင်း ထသွားမှ ကျိုးမှန်းသိ ဖြစ်သွားမှာပေါ့။ လက်ရှိလုပ်နေတာ လေးကိုပဲ ပြီးဆုံးအောင် လုပ်နေတဲ့ သဘောမှာရှိတယ်။ နောက်ထပ် တစ်ခုဆက်လုပ်ဖို့ဆိုတာ တော်တော် စဉ်းစားနေရတဲ့ အချိန်ဖြစ်နေပြီ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်ချက်မှာ ယခင်နှစ်ကထက် ပိုများလာပြီး ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း၊ ငွေကြေးလည်ပတ်မှုအားကောင်းစေရန်နှင့် ပုံမှန်အခြေအနေ ပြန်ရောက်ရန် စီးပွားရေးလုပ်ကိုင်နိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ရရှိနိုင်ရန် အစိုးရက စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောကြားသည်။

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း လုပ်ကိုင်လျက်ရှိသည့် SME လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်

“ဖြစ်နေတာက Money Supply က များလာတယ်။ Money Supplက ၂၀၁၅- ၂၁၀၆ ခုနှစ်နဲ့ ၂၀၁၆ - ၂၀၁၇ နဲ့ယှဉ်ရင် ၁၁ ရာခိုင်နှုန်း တက်သွားတယ်။ Data တွေအရ ဆိုရင်တော့။ Money Suppl က တက်လာပြီးတော့ Market ထဲမှာ ငွေကလိုလာတယ်။ တစ်နည်းအားဖြင့်ဆို မားကက်ထဲမှာ ငွေက ကျပ်လာတယ်ဆိုတာတွေက ဖြစ်နိုင်တယ်။ ငွေကျပ်တာက ဘဏ်တွေဆီ ရောက်နေတာလား။ တချို့နေရာတွေမှာ ငွေတွေသွားစုနေတာ လားဆိုတာက ပြဿနာရှိတယ်။ ဒုတိယတစ်ချက်က လက်ကြီးသမားတွေပေါ့။ ဟိုးတစ်လောက ငြိမ်းချမ်းရေးပွဲမှာ လှူတာတွေ ရှိတယ်။ သိန်းပေါင်းတစ်သောင်းကျော် လှူကြတယ်။ အဲဒီငွေတွေက Inversement ထဲကို မသွားဘူး။ အခုလက်ရှိ လက်ကြီးသမားတွေက ရင်းနှီးမြုှပ်နှံမှုအသစ် ထပ်မလုပ်ကြဘူး။ ကျွန်တော်တွေ့နေရတာက။ ဘာလို့          မလုပ်တာလဲဆိုတာက ပေါ်လစီ မငြိမ်တာတွေလည်း ပါတယ်။ အဲဒီလိုထပ်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ကြတာက လက်ထဲမှာ သိန်းပေါင်း ကုဋေချီပြီး ကိုင်ထားတဲ့သူတွေက မလုပ်ကြတာ။ မလုပ်တဲ့အတွက် ဈေးကွက်ထဲမှာ ငွေက မလည်တော့ဘူး။ အဲဒီအကျိုးဆက်က စီးပွားရေးမှာ လာဆောင့်တက်တာပေါ့။ အခု အဲဒီလို ဖြစ်နေတယ်” ဟု ဦးသန်းစိုးက ပြောကြားသည်။

ဇောက်ထိုးကျနေတဲ့ မြန်မာ့စီးပွားရေးကို  ဘယ်လိုကုစားမလဲ

စီးပွားရေးကျဆင်းမှုကြောင့် ငွေကြေးကျပ်တည်းလျက်ရှိသည့် မြန်မာ့စီးပွားရေးလောကတွင် ပြန်လည်တည့်မတ်နိုင်ရန်မှာ Policy Market များအနေဖြင့် လက်ရှိအခြေအနေများကို သိရှိနိုင်ရန် လိုအပ်ကြောင်း၊ ခိုင်မာမှန်ကန်သည့် စီးပွားရေးမူဝါဒများကို ချမှတ်နိုင်ရန် အရေးကြီးကြောင်း၊ အစိုးရချမှတ်ထားသည့် စီးပွားရေးမူဝါဒများမှာ ယေဘုယျဆန်ကြောင်း၊ လက်တွေ့ကျသည့် စီးပွားရေး ပေါ်လစီများကို ချမှတ်ရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောကြားသည်။

“စီးပွားရေးနဲ့ ပတ်သက်ပြီး အစိုးရသက်တမ်းလည်း နှစ်နှစ်နီးပါး ရှိသွားပြီပေါ့။ အခုဘတ်ဂျက်နှစ်ကုန်ရင် နှစ်နှစ်ပြည့်ပြီ။ ဘာလုပ်ရမလဲဆိုရင် ဖြစ်တဲ့အခြေအနေတွေကို အမှန်အတိုင်း သေချာသုံးသပ်ပြီး စီးပွားရေး မူဝါဒကို သေချာပြန်လုပ်ဖို့ လိုနေပြီ။ စီးပွားရေးမူဝါဒကလည်း ဥပမာအားဖြင့် တစ်နှစ်နှစ် နှစ်နဲ့ ဘယ်ဟာကို ဦးစားပေးမယ်။ ဘယ်ဟာကတော့ ဒုတိယဦးစားပေးလုပ်မယ်ဆိုတာ မူဝါဒတွေ ပြန်ချဖို့ လိုအပ်နေပြီ။ ဒီပုံစံအတိုင်း သွားလို့တော့မရဘူး” ဟု ဦးဇော်ဖေဝင်းက ပြောကြားသည်။

လက်ရှိအစိုးရ၏ လုပ်ကိုင်ပုံများမှာ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာစေရန် လုပ်ကိုင်ခြင်းများနှင့်မတူဘဲ လုပ်ငန်းရှင်များ အကျပ်တွေ့ရန် လုပ်ဆောင်ထားသည့် အခြေအနေများတွင်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင် ဦးမျိုးမြင့်က ပြောကြားသည်။

“စီးပွားရေး လုပ်ကိုင်ခွင့်ကို ပိုပြီးကောင်းမွန်လာအောင် ဆွဲဆောင်မယ်ဆိုတာထက် ပိုပြီးကျပ်အောင် လုပ်နေသလို ဖြစ်သွားတယ်။ နဂိုကတည်းက အောင်မှတ်တောင် မရသေးတဲ့ ကျောင်းသားကို ဒီတစ်နှစ်တည်းနဲ့ ဂုဏ်ထူးပါထွက်အောင် ဖြေခိုင်းသလို ဖြစ်နေတယ်။ ကျောင်းသားက ဝန်ပိပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေရင်သေ၊ မသေရင်စိတ်ညစ်ပြီး ကျောင်းထွက်ဆိုတဲ့ ပုံစံမျိုးဖြစ်နေပြီ။ အဲဒီတော့ ညံ့နေတဲ့ကျောင်းသားကို တစ်ဆင့်ချင်း ဆွဲတင်ရမှာ။ အောင်မှတ်မရသေးတဲ့ အခြေအနေမှာ အောင်အောင်အရင်လုပ်။ ကျောင်းတက် မမှန်ဘူးဆိုရင် အရေးယူ။ အဲဒီကမှ အောင်မှတ်ရရင် အမှတ် ၅၀ ကျော်ရအောင် လုပ်ပေး။ ပြီးရင် ဂုဏ်ထူးထွက်အောင် ကြိုးစားခိုင်း။ အဲဒီလိုပဲပေါ့။ စီးပွားရေးကိုလည်း အဲဒီလို လုပ်ပေးပါ။ တဖြည်းဖြည်းချင်း ကျွန်တော်တို့ စီးပွားရေးလုပ်တဲ့သူတွေ ရပ်တည်နိုင်ဖို့ ခက်ခဲနေတယ်။ ရပ်တည်ဖို့ခက်နေတာကို နည်းနည်းသက်သာအောင် လုပ်ပေး။ တချို့ အရေးတကြီး သွားရမယ့် လမ်းကြောင်းတွေရှိတာကိုလည်း လက်ခံတယ်။ အခုဟာက အောင်မှတ်တောင် မရသေးတဲ့ ကျောင်းသားကို လာမယ့် လပတ်စာမေးပွဲမှာ ဂုဏ်ထူးထွက်အောင် လုပ်ရမယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လုပ်တာတွေက မကောင်းဘူးလို့ မဆိုလိုဘူး။ ကောင်းအောင်လုပ်တယ် ဆိုပေမယ့် အခြေအနေ အချိန်အခါ ရှိသေးတယ်။ အခွန်လိုဟာမျိုးက။ ငစိန်ဆန်ကို ပေါ်ဆန်းလုပ်ဆိုတာက မရဘူး။ ကုန်ကြမ်းမှ မကောင်းတာကိုး။ အခုလည်း ဒီအတိုင်းပဲရေ ခံမြေခံကောင်းအောင်အရင်လုပ်ပေး။ ကြိုးစားရမှာက စီးပွားရေးသမားတွေ တာဝန်ပဲလေ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိအခြေအနေများအရ အစိုးရတွင် ငွေကြေးလိုအပ်ချက်များ ရှိနေပြီး ခရိုနီများတွင် ငွေကြေးများရှိနေသည်မှာ တွေ့ရှိရကြောင်း၊ ၎င်းတို့၏ ငွေကြေးများ လုပ်ငန်းလည်ပတ်မှုအတွင်းသို့ ပြန်လည်ဝင် ရောက်လာရန်မှာ အစိုးရက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးသန်းစိုးက ပြောကြားသည်။

“ငွေထုပ်ကို ကိုင်ထားတဲ့သူတွေ ဈေးကွက်ထဲကို ပြန်ဝင်လာအောင်တော့ လုပ်ရမှာပေါ့။ အဲဒီတော့ ဒီပြဿနာတက်နေတယ် ဆိုတာကို ပေါ်လစီ မိတ်ကာတွေက နားလည်ရမယ်။ ပြီးတော့ ဒီမှာက နားလည်ပြီးတော့ မလုပ်တာကလည်း ပြဿနာတစ်ခုလို ဖြစ်နေတာ။ သူတို့ဆီက ပိုက်ဆံတွေကို Production ပိုင်းတွေထဲ၊ Inverestment ပိုင်းထဲကို ကျသွားအောင် လုပ်ရမယ်။ တစ်ခုက ဘဏ်တိုးနှုန်းတွေ လျှော့ရမယ်။ တချို့က ဘဏ်တွေမှာ အတိုးတွက်နဲ့ ထားကြတာတွေ ရှိတယ်။ ဒီလိုကာလမျိုးမှာ အများဆုံး ဖြစ်တတ်တာပေါ့။ နောက်တစ်ခုက သူတို့ရင်းနှီးမြှုပ်နှံလို့ရအောင် မူဝါဒတွေကိုဖြေလျော့တာတွေက လုပ်ရမှာပေါ့။ ပေါ်လစီဆိုရင် ပေါ်လစီကို ငြိမ်အောင်လုပ်ရမှာပေါ့။ အစိုးရက ပိုက်ဆံမရှိဘူး။ ခရိုနီမှာ ပိုက်ဆံရှိတယ်။ အခုအဲဒီလို ဖြစ်နေတယ်။ အလှူတုန်းကဆိုရင် သိန်းပေါင်း သုံးသောင်းကျော်တယ်။ အဲဒီမှာ တချို့တွေလှူတဲ့ နှုန်းဆိုတာက သူတို့မှာ ၁၀ သိန်းရှိရင် တစ်သိန်းလှူဖို့ ခဲယဉ်းတယ်။ ဒါက ရှင်းတယ်။ နောက်ကွယ်မှာ ဘယ်လောက်ရှိသလဲဆိုတာ ရှင်းနေတာပဲလေ။ ခရိုနီကို တိုက်ကွန်းလို့ ပြောင်းစရာမလိုဘူး။ သူတို့လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုးရအောင် ဖန်တီးပေးဖို့ပဲ လိုတယ်” ဟု ဦးသန်းစိုးက ပြောကြားသည်။

လက်ရှိအခြေအနေများကို ကျော်လွှားနိုင်ရန် ကောင်းမွန်သော စီမံချက်များ ချမှတ်နိုင်မည်ဆိုပါက မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် တစ်နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမျိုးမြင့်က ပြောကြားသည်။

“ထိုက်သင့်တဲ့ အခွန်နှုန်းထားတွေ သတ်မှတ်တယ်။ ထိုက်သင့်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ပေးမယ်။ အခုပြောင်းတော့ ပြောင်းလဲနေပေမယ့် တကယ်မလိုက်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတော့ဒရွတ်ဆွဲနေတဲ့ သဘောဖြစ်နေတယ်။ ဘဏ်တွေလည်း အတိုးနှုန်းတွေ လျှော့ချပေးမယ်။ ချေးယူတဲ့နေရာမှာလည်း အပေါင်ပစ္စည်းမထားဘဲနဲ့ ထုတ်ချေးနိုင်တဲ့ စနစ်မျိုးတွေအထိ လုပ်ပေးဖို့လိုတယ်။ အဲဒါတွေ ပြောင်းလဲ လိုက်တယ်ဆိုရင်တောင် နဂိုအခြေအနေကနေ ရုန်းထွက်ဖို့ကတော့ ခြောက်လတစ်နှစ်လောက်အချိန် ယူရမယ်။ ဌာနတွေအနေနဲ့လည်း သစ်ပင်စိုက်တဲ့ အဖွဲ့က သပ်သပ်၊ ခုတ်တဲ့အဖွဲ့က သပ်သပ်ဆိုတဲ့ အခြေအနေတွေကိုလည်း ပြောင်းပေးပါ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်ယူသည့်ကာလမှာ တစ်နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီ ဖြစ်သော်လည်း မြန်မာ့စီးပွားရေးမှာ ကောင်းမွန်လာခြင်း မရှိသေးဘဲ ပိုမိုဆိုးရွားသည့် အခြေအနေများနှင့်သာ ရင်ဆိုင်လျက်ရှိသည်ကို တွေ့ရသည်။

မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ၏ နောက်တွင် ငွေကြေးဖောင်းပွမှု၊ မြန်မာကျပ်ငွေ တန်ဖိုး နိမ့်ကျမှုများမှာ နောက်ဆက်တွဲ ပြဿနာများပင် ဖြစ်သည်။ ထို့ပြင် မျှော်မှန်းထားသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာလည်း အမှန်တကယ် ဝင်ရောက်မှုစာရင်းများထက်  နည်းပါးလျက်ရှိသည်ကို ဗဟိုဘဏ်ဥက္ကဋ္ဌကိုယ်တိုင် ပြောကြားမှုများ ပြုလုပ်လာသည်အထိ တွေ့ရသည်။

“ဒီပြဿနာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်း ဖြေရှင်းနေရင်တော့ သိပ်အဆင်မပြေလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူလည်းပင်ပန်းမယ်။ ပြီးတော့ လူတစ်ယောက်က ဘယ်ကိစ္စကိုမှ ကျွမ်းကျင်ဖို့ မရှိနိုင်ဘူး။ ဆရာ့သဘောအနေနဲ့ဆိုရင် သူက နိုင်ငံရေး။ ဥပမာ ငြိမ်းချမ်းရေးကိစ္စပေါ့။ သူလုပ်လို့ရတယ်။ အလားတူပဲ ရခိုင်အရေးဆိုရင် သူ့ဝိတ်သုံးမှရမယ်။ စီးပွားရေးမှာတော့ လောလောဆယ် ဒုသမ္မတလုပ်နေတာ ရှိတာပေါ့။ သို့သော်လည်းပဲ နိုင်ငံတော်က ဦးဆောင်ပြီး တစ်နိုင်ငံလုံး လုပ်ဖို့ဆိုရင် နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်လုပ်ဖို့လိုတယ်။  နိုင်ငံတော်သမ္မတက စီးပွားရေး တက္ကသိုလ်ကနေသွားတဲ့ ပုဂ္ဂိုလ်ပါ။ စီးပွားရေး ကျွမ်းကျင်ပါတယ်။ သူ့အနေနဲ့ စီးပွားရေးကိစ္စတွေကို ပြည်တွင်းကလူတွေနဲ့ ညှိနှိုင်းပြီး လုပ်မယ်။ အဲဒီလိုမျိုး ခွဲဝေပြီးလုပ်ကြမယ် ဆိုရင်တော့ စီးပွားရေးက ပြန်တက်လာမှာ။ မူဝါဒလည်း မပြောင်းဘူး။ တာဝန်ခွဲဝေမှုလည်း မရှိဘူးဆိုရင်တော့ စီးပွားရေး တိုးတက်ဖို့ လမ်းမမြင်ဘူး။ ဒါ့အပြင် ကိန်းဂဏန်းတွေ၊ အခြေအနေအမှန်အ ကန်တွေကို သိဖို့လိုအပ်တယ်။ အခု ကိန်းဂဏန်းတွေက ယုံကြည်စိတ်ချရဖို့ သိပ်မရှိဘူး။ နောက်တစ်ခါ နိုင်ငံခြားသားတွေ သုံးသပ်တဲ့အရာတွေက တချို့နေရာတွေမှာ မမှန်ဘူး” ဟု ဦးဇော်ဝင်းဖေက ပြောကြားသည်။

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများ၏ အဓိက ရည်ရွယ်ချက်နှင့် ပထမဦးစားပေးမှာ လက်ရှိတွင် ချမ်းသာဖို့ မဟုတ်တော့ကြောင်း၊ အလုပ်တွဲလုပ်သူများအတွက် လစာပေးနိုင်ရေးသာဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ်များ လက်ခံထားသော်လည်း အမြတ်မကျန်ကြောင်း၊ ခန့်ထားသည့် ဝန်ထမ်းများကို လစာပေးနိုင်ရေးအတွက်သာဖြစ်ကြောင်း၊ တစ်ခါတစ်ရံ လုပ်ငန်းခွင်အတွင်း အရည်အသွေးချွတ်ချော်မှုများ ရှိလာပါက ပြန်လည်ပြင်ဆင်ရသဖြင့် အရှုံးပေါ်ကြောင်း၊ သို့သော် ငွေပေါ်ရန်အတွက် လုပ်ကိုင်နေရခြင်း သာဖြစ်ကြောင်း၊ ခေတ်စားလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကိုလည်း လုပ်ငန်းလက်ခံသူကသာ ပုတ်ပြတ်လက်ခံထားသည့် အပေါ်မှ ပေးဆောင်ရလျက်ရှိကြောင်း၊ လုပ်ငန်းတိုင်း အမြတ်မရဆိုသည့် အခြေအနေအား အခွန်ဌာနက လက်မခံကြောင်း၊ အခွန်ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်မှာ စီးပွားရေးသမားများမှာ အမြတ်မရလျှင် လုပ်ကိုင်မည်မဟုတ်ဆိုသည့် စကားသာဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့တွင် ငွေပေါ်နိုင်ရန်နှင့် ဝန်ထမ်းလစာပေးနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း NLD  ပါတီ၏ စီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရဲမင်းဦးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူ လုပ်ငန်းရှင်ငယ်လေးတွေရဲ့ ပထမဦးစားပေးဟာ သူချမ်းသာဖို့ မဟုတ်တော့ဘူး။ သူနဲ့ အလုပ်တွဲလုပ်နေတဲ့ ဝန်ထမ်းတွေကို ဒီနေ့လိုနေ့မှာ လစာပေးနိုင်ရေးပဲတဲ့။ မနေ့က ဆောက်လုပ်ရေးတွေမှာ sub contractor လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်က သူ့လုပ်ငန်းအကြောင်း ပြောပြတယ်။ တချို့ အလုပ်ကလေးတွေက လက်ခံလိုက်ပေမယ့် အမြတ်မကျန်ဘူးတဲ့။ ခန့်ထားတဲ့ဝန်ထမ်းတွေ လစာရပါစေဆိုပြီး လုပ်နေကြရတယ်။ တစ်ခါတလေ အလုပ်ထဲမှာ အရည်အသွေးပိုင်းဆိုင်ရာ ချွတ်ချော်မှု ရှိသွားလို့ နောက်ကလိုက်ပြင်ရပြီဆိုရင် ရှုံးရောပဲ။ ဒါပေမဲ့ ငွေပေါ်ဖို့ရသမျှ လုပ်နေရတယ်တဲ့။

အခုခေတ်စားလာနေတဲ့ ကုန်သွယ်လုပ်ငန်းခွန်တို့ ဘာတို့ကိုလည်း အလုပ်အပ်သူတွေက မပေးဘူးတဲ့။ ပုတ်ပြတ်တောင်းထားတဲ့ ပမာဏထဲကနေ ၅ ရာခိုင်နှုန်းတွက်ပြီး ဆောင်နေကြရတယ်။ သူတို့ရဲ့ အဓိက အခက်အခဲက အလုပ်တွေဟာ လုပ်တိုင်းအမြတ်မရဘူး ဆိုတာကို အခွန်ဌာနက လက်မခံတာပဲတဲ့။ အခွန်က လူတွေပြောကြတာက စီးပွားရေးသမားဆိုတာ မမြတ်ရင်ဘာမှ မလုပ်ဘူးဆိုတာပဲ။ တကယ့်လက်တွေ့မှာတော့ ငွေပေါ်ဖို့ (လက်ထဲငွေသားရှိနေဖို့) နဲ့ ဝန်ထမ်းလစာ ပေးနိုင်ဖို့အတော့်ကို ရုန်းကန်နေကြရပါတယ်လို့ သူကပြောတယ်။

၂၀၁၅-၂၀၁၆-၂၀၁၇ ဒီနှစ် တွေမှာ လုပ်ငန်းငယ်အများစုဆီက ဒီလိုအသံတွေအများကြီး ကြားလာရတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာတွေက MIC ရုံးရဲ့ စာရင်းဇယားတွေမှာပဲရှိနေပြီး တကယ်ဝင်မလာဘူး။ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေက စံပြအရေးယူမှု မခံရစေဖို့ကို အာရုံပိုစိုက်ခဲ့ကြပြီး ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူးဆိုတဲ့မူနဲ့ လုပ်လက်စလေးတွေကိုပဲ ဟန်မပျက် ဆက်လုပ်နေခဲ့ကြတယ်။ အတတ်ပညာကို အခြေခံတဲ့ လုပ်ငန်းတွေကလည်း လုပ်ငန်းဆက်လက် ရပ်တည်နိုင်ဖို့ကိုပဲ အစွမ်းကုန်အား ထုတ်နေကြရတယ်။ လုပ်ငန်းငယ်တွေကတော့ ဘဝပျက်မသွားဖို့ကို ရရာအလုပ်ကိုလုပ်ပြီး အသက်ဆက်နေကြရတယ်။

နိုင်ငံအစိုးရရဲ့ ဝင်ငွေဟာ အခွန်ဖြစ်ပါတယ်။ အခွန်ဘဏ္ဍာရရှိမှု နည်းပါးရင် အစိုးရမှာ မဖြစ်မနေသုံး နေရတာတွေအတွက် ငွေလိုအပ်မှု ဖြစ်ပါတယ်။ ဘဏ္ဍာရေးလိုငွေပြမှုပေါ့။ ဒါကို ဖြေရှင်းဖို့အတွက် အစိုးရတွေက လျှော့သုံးမယ်။ အခွန်ပိုကောက်မယ်။ လျှော့သုံးတဲ့ အစိုးရနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်နေတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ဝင်ငွေလျော့ကြတယ်။ အခွန်ခေါင်းစဉ်တွေ တိုးကောက်တော့ လုပ်ငန်းတွေဟာ အခွန်ဖိစီးမှုကို ခံကြရပြန်တယ်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမယ်။ ပြည်ပကုန်သွယ်မှုကို မြှင့်တင်မယ်။ ပုဂ္ဂလိကလုပ်ငန်းတွေ ရှင်သန်နိုင်ရေးကို အာရုံပိုစိုက်ပေးမယ်။ အစိုးရက ဒီလိုကိစ္စတွေကို လက်တွေ့ကျကျ ပိုလုပ်ပေးမှ စီးပွားရေးကောင်းလာမယ်။

စီးပွားရေးကောင်းလာရင် အခွန်များများရလာမယ်။ အခွန်များ များရလာရင် ဘဏ္ဍာရေး လိုငွေ လျော့လာမှာပေါ့”ဟု သူ၏လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင်လည်း ဆောက်လုပ်ရေးလောကသာမက အခြားသော စီးပွားရေးလုပ်ငန်းများတွင်လည်း လုပ်ငန်းဟန်မပျက် လုပ်ကိုင်နိုင်ရန်နှင့် မိမိ၏ဝန်ထမ်းများကို လစာပေးနိုင်ရေးအတွက်သာ လုပ်ကိုင်နေရခြင်းဖြစ်ပြီး အခက်အခဲတွေ့သည့် အခြေအနေများကို ကြုံတွေ့ရလျက်ရှိကြောင်း၊ တောင့်မခံနိုင်သည့် ကုမ္ပဏီများနှင့် အသေးစားလုပ်ငန်းများမှာ ဝန်ထမ်းလျော့ခြင်းများကို ပြုလုပ်လာရကြောင်း လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ် လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ ဆယ်ဂဏန်းမှ စတင်၍ အလုပ်သမား ထောင်ပေါင်းများစွာဖြင့် လည်ပတ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များကို စစ်တမ်းကောက်ယူကာ ထုတ်ပြန်ထားသည့် Myanmar Insider ၏ ထုတ်ပြန်ချက်တွင် စိတ်ဝင်စားဖွယ် ကောင်းသည့် မေးခွန်းတစ်ခုပါဝင်ခဲ့သည်။ ယင်းမေးခွန်းမှာ သင့်အတွက် အစိုးရ၏ ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သောစီးပွားရေး ထိုနှစ်ခုတွင် မည်သည့်အရာသည် ပို၍အရေးကြီးသနည်းဆိုသော မေးခွန်းဖြစ်သည်။ အဆိုပါမေးခွန်းအား ဖြေဆိုသူများ၏ ၅၄ ရာခိုင်နှုန်းမှာ ကောင်းမွန်သောစီးပွားရေးသည် အလွန်အရေးကြီးသည်ဟု ဖြေဆိုခဲ့ကြပြီး ၃၁ ရာခိုင်နှုန်းမှာ ကောင်းမွန်သော စီးပွားရေးသည် အရေးကြီးသည်ဟု ဖြေဆိုခဲ့သည်။

မေးခွန်းအား မသိပါနှင့်ဒီမိုကရေစီသည် အရေးကြီးသည်ဟု ဖြေဆိုသူမှာ ရှစ်ရာခိုင်နှုန်းရှိခဲ့ပြီး ဒီမိုကရေစီသည် အလွန်အရေးကြီးသည်ဟု ဖြေဆိုသူမှာ သုညရာခိုင်နှုန်းသာ ရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ၂၀၁၆ ခုနှစ် မတ်လတွင် တက်လာသည့် NLD ၏ အစိုးရ သက်တမ်းမှာ သုံးနှစ်သာကျန်ရှိတော့သည့် အချိန်တွင် မြန်မာ့စီးပွား ရေးမည်မျှ ဦးမော့လာမလဲဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေသာ ဖြစ်သည်။ ခိုင်မာသည့် စီးပွားရေးမူဝါဒများ ပြင်ဆင်ချမှတ်နိုင်ခြင်းရှိ၊ မရှိနှင့် လူတန်းစားအသီးသီးအတွက် အရေးပါသော စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိ၊ မရှိ ဆိုသည်မှာ စိုက်ဆင်းနေသည့် မြန်မာ့စီးပွားရေးအတွက် အဖြေတစ်ရပ် ထုတ်ပေးနိုင်လိမ့်မည် ဖြစ်ပေသည်။