အမြန်လမ်းတွင် ယနေ့နံနက်က ကားမီးလောင်မှု အပါအဝင် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၅ ရက် နံနက်အစောပိုင်းကအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၃ မိုင်အနီးတွင် ကားမီးလောင်မှုနှင့် ၂၅၁ မိုင် အနီးတွင် ရပ်ထားသောယာဉ်အား ဝင်တိုက်မှုတို့ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံး၍ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီးရုံးမှ သိရသည်။

ဖြစ်စဉ်များမှာ နိုဝင်ဘာ ၅ ရက် နံနက် ၃ နာရီကျော်ခန့်က၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်းအမြန်လမ်း ရဲစခန်းအပိုင်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုဇင်မင်းနိုင် ၃၀ နှစ်(ဘ)ဦးတင်လှ၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9H/----TOYOTA PROBOX SUCCED အမျိုးအစား ခဲရောင်ယာဉ်အား မောင်းနှင်လာစဉ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၃ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားသို့အရောက်တွင် အိပ်ငိုက်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်း ကာရံထားသော ကွန်ကရစ်တုံးများအား ဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ မော်တော်ယာဉ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်အား မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူများ၊ အုတ်ရှစ်ကုန်း အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၇ ဦး၊ မီးငြိမ်းသတ် ရေ ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကူညီ ငြိမ်းသတ်ခဲ့ကြပြီး နံနက် ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ယာဉ်အား မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ရှိ ယာဉ်မောင်းပါ ကျား ၂ ဦး၊ မ ၁ဦး၊ စုစုပေါင်း ၃ ဦးအနက် ဦးတင်လှ ၆၂ နှစ်(ဘ) ဦးသန်းမောင်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူမှာ ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန် ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သောကြောင့် အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ မော်တော်ယာဉ်မှာ တစ်စီးလုံး မီးလောင်ကျွမ်း၍ ကျပ် သိန်း ၁၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်း၊ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သည့် ယာဉ်မောင်းကိုဇင်မင်းနိုင်အား အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၁၇၊ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆက်လက်ပြီး နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီခွဲခန့်ကလည်း ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၁ မိုင် ၇ဖာလုံနှင့် ၂၅၂မိုင်အကြား၌ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း လွမ်းေ၀ ၄၂ နှစ်(ဘ)ဦးဘိုကေ စံပြရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်EE/----FIELDER  မီးခိုးရောင်မော်တော်ယာဉ်မှာ လမ်းဘေးတွင် ရပ်ထားသော ယာဉ်အမှတ် 8M/----- လိုက်ထရပ်အဖြူရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက်၊ လိုက်ထရပ်ယာဉ်အား ဝင်တိုက်သည့်EE/---FIELDER မီးခိုးရောင်မော်တော်ယာဉ်ပေါ် လိုက်ပါသူယာဉ်မောင်းပါ ကျား ၁ ဦး၊ မ ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း၊8M/----လိုက်ထရပ် အဖြူရောင်ယာဉ်ပေါ် ပါရှိသူ ကျား ၆ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၁၇ ဦးအနက် မစန္ဒာချို  ၃၅နှစ်(ဘ)ဦးစိန်ချို မြေဖြူကုန်းကျေးရွာ၊ တောင်သာမြို့နယ်နေသူမှာ ဝဲ/ယာ နားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ နောက်စိကြေမွ၊ ဘယ်ခြေကျင်းဝတ်ကျိုး ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျား ၁ ဦး၊မ ၁ ဦးတို့မှာ မစိုးရိမ်ရဒဏ်ရာများ ရရှိသွားခဲ့ကြောင်း၊ သေဆုံးသူအလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အမြန် လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ပေပင်လေး အမြန်လမ်းရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သည့် EE/----- FIELDER ယာဉ်မောင်း လွမ်းေ၀ အား ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၅၄/၂၀၁၇၊ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ၁၀ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၆၅ ကြိမ်အထိဖြစ်ပွား၍ သေဆုံးသူ ၉၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၄၂ ဦးရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။