ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏စာရင်းကို မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီရာခရိုင်ရှိ ပါလန်ခါလီ ဒုက္ခသည်စခန်းကို တွေ့ရစဉ် (Photo: AFP)

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏စာရင်းကို မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း www.benarnews.org ဝက်ဘ် ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာတာဝန်ရှိသူများက ပြီးခဲ့သည့်လက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ အစည်းအဝေးများအတွင်း ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ စာရင်းကို ပေးအပ်ခဲ့ကြောင်းနှင့် ၎င်းတို့အား ဖမ်းဆီးနိုင်ရေးတွင်ကူညီရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောကြားခဲ့သည်။

“ပေးအပ်တဲ့စာရင်းမှာ ARSA အဖွဲ့ဝင်တွေလို့ဆိုတဲ့ အမည်ပေါင်း ၅၀၀ ကျော် ပါဝင်ပါတယ်။ ARSA အဖွဲ့ဝင်တွေဟာ နယ်စပ်တစ်လျှောက် ပုန်းအောင်းနေတယ်လို့လည်း သူတို့က ပြောပါတယ်”ဟု ၎င်းက ပြော ကြားခဲ့သည်။

ပေးအပ်သည့်စာရင်းတွင် အမည်စာရင်းများ ပါသော်လည်း မွေးဖွားသည့်ရက်၊ အရပ်၊ မိဘအမည်များ၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ စသည့် မသင်္ကာသူနှင့် ဆက်စပ်သည့် အခြားအချက်အလက်များ မပါဝင် ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan အား အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များအပေါ် ချစ်ကြည်ရင်းနှီးစွာနှင့် အတူတကွ ဖြေရှင်းသွားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်မှ ရောက်ရှိနေသူများအား ပြန်လည်စိစစ်လက်ခံရေးနှင့်ပတ်သက်၍ နှစ်ဖက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နေပြည်တော်၌ အောက်တိုဘာ ၂၄ ရက်က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြောင်း ဆွေးနွေးပွဲအပြီး နှစ်ဖက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ နယ်စပ်ဆက်ဆံရေးရုံးများ ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကိုလည်း နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အစည်းအဝေးပြီးနောက် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ၎င်းတို့အား ရှာဖွေခဲ့ကြောင်းနှင့် ARSA အဖွဲ့ဝင်များ ရှာဖွေတွေ့ရှိရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

“သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထပ်လိုအပ်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မြေမှာ စစ်သွေးကြွတွေ၊ အကြမ်းဖက်သမားတွေကို ခွင့်ပြုသွားမှာ မဟုတ်ဘူးဆိုတာကို သူတို့ကို ပြောခဲ့ပါတယ်။ လူထောင်ပေါင်းများစွာထဲကနေ သူတို့ကို ရှာဖွေနိုင်ဖို့ နာမည်တစ်ခုတည်းနဲ့ လုံလောက် ပါ့မလား”ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည် ဦးရေသည် ခြောက်သိန်းခန့်ရှိသွားပြီဖြစ် ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့်ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။ ထိုသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီအစွန်း ရောက်အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်အပေါ် သဘောထားထုတ်ပြန်ချက်တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် စတင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အား ARSA အကြမ်းဖက်အဖွဲ့မှ ဦးဆောင်၍ ၎င်းတို့ စည်းရုံးထားသော ဒေသခံ ဘင်္ဂါလီများ ပူးပေါင်းအင်အား ၄၀၀၀ ခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် ယင်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သူများနှင့် အခြားမျက်မြင်သက်သေများအား စိစစ်ဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှုကို ပါဝင်ဆောင်ရွက်ခဲ့ကြသူ ၂၂၂၂ ဦး၏ နာမည်နှင့်ရွာ အမည်စာရင်းရရှိခဲ့ပြီး ၎င်းတို့အနေဖြင့် ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှုများ တူညီသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ထည့်သွင်းထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦးကျဆုံး၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သူ ၃၇၁ ဦး အသေရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း နှင့် ယင်းတို့၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ခုနစ်ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီခုနစ်ဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတိုင်းရင်းသား လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။