လသာမြို့နယ်တွင် သုံးထပ်တိုက်၏ ပထမထပ် မီးဖိုချောင်ခန်းပြိုကျသဖြင့် အသက် ၆၀ ကျော် အရွယ်အဘွားအိုတစ်ဦး ဒဏ်ရာရရှိ

မီးဖိုချောင်ပြိုကျခဲ့သည့် တိုက်ခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

လသာမြို့နယ်တွင် သုံးထပ်တိုက်၏ ပထမထပ်မီးဖိုချောင်ခန်း ပြိုကျသဖြင့် အသက် ၆၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အမှတ် ၅ ရပ်ကွက် ၂၂ လမ်း အောက်ဘလောက် အမှတ် (၃၂) ရှိ အကျယ်အဝန်း ၁၅ ပေ × ၃၅ ပေ၊ ဟောင်ကောင်နှစ်ထပ်တိုက် တစ်တိုက်၏ ပထမထပ်၏ နောက်ဖေးမီးဖိုချောင်အခန်းမှာ နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီခွဲတွင် မြေညီထပ်သို့ ကျွံကျမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ယင်းနေ့နံနက် ၇ နာရီခွဲခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး ပထမထပ်၏ နောက်ဖေးမီးဖိုချောင်မှာ အောက်ခံကြမ်းခင်းမှာ ကျွံကျပြီး မြေညီထပ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အောက်သို့ပြုတ်ကျခဲ့သည့် မြေညီထပ်တွင် လူနေထိုင်ခြင်းမရှိကြောင်း၊ အဆိုပါတိုက်မှာ ရှေးဟောင်းတိုက်ပုံစံမျိုးဖြစ်ပြီး ဆောက်လုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုတ်ကျခဲ့သဖြင့် ပထမထပ်တွင် နေထိုင်သူ ဒေါ်....(၆၇ နှစ်) မှာ ညာနဖူးပေါက်၊ ဝဲ/ယာ ခြေဖဝါးပေါက်၊ ညာတံတောင်ပွန်းပဲ့ (ဆရာဝန်စမ်းသပ်ဆဲ) ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သည့် ဒေါ်....(၆၇ နှစ်) မှာ အဆိုပါနေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ပြီး ၎င်းမှာ နေအိမ်နောက်ဖေး မီးဖိုချောင်ခန်းသို့ သွားသည့်အချိန်၌ ယင်းကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၂ လမ်းအောက်ဘက်မှာရှိတဲ့ သုံးထပ်တိုက်က ပထမထပ်နောက်ဖေးမီးဖိုခန်း ပြိုကျတာပါ။ အဲဒီပထမထပ်ရဲ့ အောက်ခံအင်္ဂတေပြားကကျွံကျပြီး မြေညီထပ်ကို ပြုတ်ကျတာပါ။ မြေညီထပ်မှာတော့ လူနေထိုင်ခြင်းမရှိပါဘူး။ အဲဒီတိုက်က ဆောက်ထားတာတော့ ကြာပါပြီ။ စခန်းကတော့ အမှုဖွင့်ထားတာမရှိပါဘူး” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးဖိုချောင်ပြိုကျခဲ့သည့်နေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်တံတား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူအချို့တို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။