လွိုင်ကော်မြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရာ တောင်ကွဲစေတီအနီး မိုးကောင်းဘုရားကြီးရှေ့၌ လပြည့်နေ့သန်းခေါင်ကျော်တွင် ဆယ်ကျော်သက်လူငယ်များက ဈေးဆိုင်ခန်းများအား ဝင်ရောက်ဖျက်ဆီး

လွိုင်ကော်မြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ တောင်ကွဲစေတီအနီး မိုးကောင်းဘုရားကြီးရှေ့၌ လပြည့်နေ့ သန်းခေါင်ကျော်အချိန်တွင် ဆယ်ကျော်သက်လူငယ်များမှ ဈေးဆိုင်ခန်းများအား ဝင်ရောက်ဖျက်ဆီးသောကြောင့် လှည့်ကင်းတာဝန်ကျသူများက ဝင်ရောက်ထိန်းသိမ်းရကြောင်း သတင်းရှိသည်။

“အခုညတော့ ၁၂ နာရီ မိနစ် ၄၅ ရှိတယ်။ အဲဒီချိန်မှာ ကျွန်တော်တို့ပွဲဈေးတန်းမှာ ဈေးရောင်းနေတဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးတဲ့အဖွဲ့ပေါ့နော်။ အားလုံးပေါင်း ၁၅ ဦးလောက်ရှိတယ်။ ဒီကောင်တွေ တောက်လျှောက်ဖျက်ဆီးလာတာ။ ဆိုင်ခန်းတွေကတော့ မပြောရဲဘူး။ ကျွန်တော်တို့အဖွဲ့ရယ် လုံခြုံရေးအဖွဲ့ရယ်ရှိတယ်လေ။ ကျွန်တော်တို့ ဝိုင်းပြီးဖမ်းတာပေါ့။ ပြန်ကစ်တယ်။ ကျွန်တော်တို့လည်း ရတဲ့နည်းနဲ့ဖမ်းရတာပေါ့။ အခုတော့ သုံးယောက်မိတယ်။ သုံးယောက်မိတာ စခန်းပို့လိုက်ပြီ။ ဆိုင်ကဖွင့်နေတုန်း ဆိုင်ခန်းက အထည်ဆိုင်တွေပါတယ်။ စားသောက်ဆိုင်တွေပါတယ်” ဟု လှည့်ကင်းတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးထံက သိရသည်။

ဆယ်ကျော်သက် လူငယ်အုပ်စုမှာ ဆိုင်များရှိ ပလတ်စတစ်ခုံများအား ရိုက်ချိုးခြင်း၊ စားပွဲပေါ်ရှိ အစားအသောက်များအား တွန်းချခြင်း၊ ဆိုင်တွင် ခင်းထားသောပစ္စည်းများ ဆွဲချခြင်းများကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပြုလုပ်သောကြောင့် ဈေးဆိုင်ပိုင်ရှင်များက ရဲကင်းအား သွားရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဈေးရောင်းနေတာ။ ဆိုင်မှာက စားသောက်သူတွေရှိနေသေးတယ်။ ကလေးတစ်အုပ်လာပြီး ခုံတွေရိုက်ချိုးထွက်သွားတယ်။ နောက်တစ်ဆိုင်ကျတော့ မုန့်ထုပ်တွေ လမ်းပေါ်ပစ်ထုတ်တယ်။ ကလေးတွေက သောက်စားထားပုံရပါတယ်” ဟု ငါးထမင်းနယ်ဆိုင်ရှင်က ပြောကြားသည်။

ပွဲတော်ကျင်းပနေစဉ် ညဦးပိုင်းကလည်း သစ်သားတုတ်များနှင့် အုတ်ခဲကိုင်ဆောင်ထားသော လူငယ်များမှာ ဆိုင်ကယ်များဖြင့် အော်ဟစ်ကာ ရပ်ကွက်များတွင် လှည့်လည်နေကြကြောင်း မျက်မြင်သက်သေများထံမှ သိရသည်။ လွိုင်ကော်မြို့ တန်ဆောင်တိုင်ပွဲတော်အား နှစ်စဉ်ကျင်းပနေကျဖြစ်သော မိုးကောင်းဘုရားကြီးဝင်းတွင် ဆီမီးပူဇော်ခြင်းသာပြုလုပ်ပြီး မီးပုံးပျံနှင့် ထင်းရူးဆီမီးတိုင်ပူဇော်ပွဲအား ဗုဒ္ဓဥယျာဉ်တွင် နေရာခွဲ၍ပြုလုပ်ခဲ့သော်လည်း လပြည့်နေ့တွင် စည်ကားလျက်ရှိကြောင်း သိရသည်။