လာမည့်ဒီဇင်ဘာတွင် အတည်ပြုမည့် တစ်နေ့ အနိမ့်ဆုံးလုပ်ခအတွက် အလုပ်သမားများဘက်က ကျပ် ၅၆၀၀ အောက် မလျော့နည်းအောင် အဆိုပြုတောင်းခံမည်

အနိမ့်ဆုံး လုပ်ခလစာ ၅၆၀၀ ကျပ် ရရှိရေးအတွက် အလုပ်သမားများ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)

လာမည့်ဒီဇင်ဘာလတွင် အတည်ပြုမည့် တစ်ရက်အနိမ့်ဆုံးလုပ်ခအတွက် အလုပ်သမားများဘက်က ကျပ် ၅၆၀၀ အောက် မလျော့နည်းအောင် အဆိုပြုတောင်းဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၄ ရက်က မြောက်ဒဂုံမြို့ နယ်ရှိ ပင်လုံခန်းမ၌ပြုလုပ်ခဲ့သည့် အဆိုပြု အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် အလုပ်သမား ကိုယ်စားလှယ်များက ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ပြီး အကယ်၍ကျပ် ၅,၆၀၀ အောက် လျော့နည်းပါက အလုပ်သမားထု၏ စားဝတ်နေရေး ကျပ်တည်းမှုများမှ တစ်ဆင့် အုံကြွ ပေါက်ကွဲမှုများအထိ ဖြစ်ပွားနိုင်ကြောင်း အလုပ်သမားကိုယ်စားလှယ်များက သတိပေး ပြောကြားခဲ့သည်။

“အလုပ်သမားတွေအနေနဲ့က လက်ရှိ ကျပ် ၃,၆၀၀ က မလောက်ငဘူး။ ထပ်ပြီး သတ်မှတ်ပေးမယ့် အနိမ့်ဆုံးလုပ်ခကလည်း ကျွန်တော်တို့အနေနဲ့တော့ ၅,၆၀၀ ကျပ်ကိုပဲ အဆိုပြုပြီး တောင်းဆိုမှာပါ။ အဲလိုပဲဖြစ်စေချင်ပါတယ်။ အဲလိုမှမဟုတ်ရင် အလုပ်သမားတွေရဲ့ အခက်အခဲတွေကများလာပြီး အခက်အခဲတွေကနေ အုံကြွ ပေါက်ကွဲတဲ့အထိ ဖြစ်လာလိမ့်မယ်” ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီဝင် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) ဒုတိယဥက္ကဋ္ဌဖြစ်သူ  ဦးနော်အောင်က မီဒီယာများကို ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် အလုပ်သမားများဘက်က နှစ်နှစ်အတွင်း မြင့်တက်လာသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ အိမ်ငှားရမ်းခအပါအဝင် အထွေထွေစရိတ်များကို ထောက်ပြဆွေးနွေးခဲ့ကြပြီး အသစ် ပြန်လည်သတ်မှတ်မည့် တစ်ရက်အနိမ့်ဆုံး လုပ်ခတွင် လုပ်သက်ကျွမ်းကျင်ကြေး၊ နှစ်အလိုက် ကြေးများကိုပါ ထည့်သွင်းပေးရန် ဦးတည်ဆွေးနွေးခဲ့ကြသည်။

သို့သော် အဆိုပါအလုပ်သမားများဘက်မှ ဆွေးနွေးမှုများအပါအဝင် အလုပ်ရှင်များဘက်မှ ဆွေးနွေးမှုများကိုပါ မှတ်တမ်းအဖြစ် ရယူထားမည်ဖြစ်ပြီး အမျိုးသားအဆင့် အစည်းအဝေးတွင် အဆိုပါအချက်အလက်များပေါ်တွင်အခြေခံပြီး ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

“ဒီနေ့တွေ့ဆုံပွဲကနေ အလုပ်သမားတွေရဲ့တင်ပြချက်တွေကို မှတ်တမ်းယူထား မှာဖြစ်သလို အလုပ်ရှင်တွေဘက်က တင်ပြချက်တွေကိုလည်း မှတ်တမ်းယူထားမှာပါ။ ဒါတွေကိုအမျိုးသားအဆင့်မှာ ပြန်ဆွေးနွေးမှာပါ”ဟု ၎င်းက ပြောကြားသည်။

အလုပ်သမားများအနေဖြင့် လက်ရှိ ရရှိနေသည့် တစ်ရက်လုပ်ခလစာမှာ စားဝတ်နေရေးအတွက် လောက်ငမှုမရှိတော့သလို မြင့်တက်လာသည့် ကုန်ဈေးနှုန်းများ နှင့် အထွေထွေကုန်ကျစရိတ်များကြောင့် အနိမ့်ဆုံး ကျပ် ၅၆၀၀ ရရှိလိုကြောင်း တညီ တညွတ်တည်း ပြောကြားကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဖိနပ်စက်ရုံ အလုပ်သမားတစ်ဦးက “ကျွန်မတို့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကတော့ ကျပ် ၅၆၀၀ ထက်နည်းပြီး သတ်မှတ်ဆိုရင် လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုရင် အခု လက်ရှိမှာတောင် ကျွန်မတို့ရတဲ့လစာနဲ့ ပြန်ကုန်ရတာနဲ့က မကာမိဘူးဖြစ်နေတယ်” ဟု ပြောကြားသည်။

လာမည့်ဒီဇင်ဘာတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ ကျွမ်းကျင်ပညာရှင် များ၊ အလုပ်သမားအဖွဲ့အစည်းများမှ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲပြုလုပ်ပြီး ၂၀၁၇ တစ်ရက် အနိမ့်ဆုံးလုပ်ခကို အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။