ကုမ္ပဏီ အများစု၏ လုပ်ငန်းများမှာ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲထားလေ့ မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ တွေ့ကြုံရနိုင်သော ဘေးအန္တရာယ်များ စာရင်းတွင် ထည့်သွင်း

မြန်မာနိုင်ငံရှိ စက်မှုဇုန်နှင့် ဒေသပေါင်း ၅၁ ခုခန့်ရှိ ကုမ္ပဏီ အများစု၏ လုပ်ငန်းများမှာ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲထားလေ့ မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ တွေ့ကြုံရနိုင်သော ဘေးအန္တရာယ် စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ဆုံးရှုံးလျော့ပါးရေး လုပ်ငန်းစီမံချက် ၂၀၁၇ တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၏ တွေ့ကြုံရနိုင်သော ဘေးအန္တရာယ်များ စာရင်းတွင် ဖြစ်စဉ်ခုနစ်ခုအနက်မှ ကုမ္ပဏီ အများစု၏ လုပ်ငန်းများမှာ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲထားလေ့ မရှိကြောင်း၊ သို့ဖြစ်၍ စက်မှုလုပ်ငန်း၊ နည်းပညာဆိုင်ရာ ဘေးအန္တရာယ်များနှင့် စပ်လျဉ်းပြီး လေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးတို့တွင် အများဆုံးရှိသည့် ကုမ္ပဏီ အများစုမှာ ဘေးအန္တရာယ်များ၊ အသေးစား၊ အလတ်စား လုပ်ငန်းများ ဖြစ်ပြီး ထိုလုပ်ငန်းများအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှု အစီအစဉ်၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲထားလေ့ မရှိကြောင်း သိရသည်။

အခြားတွေ့ကြုံရနိုင်သည့် ဘေးအန္တရာယ်များ စာရင်းတွင်လည်း မြေငလျင်နှင့် ဆူနာမီ ကဏ္ဍတွင် ပဲခူး-ဖြူး၊ မန္တလေး-စစ်ကိုင်း-တကောင်း၊ ပူတာအို-တနိုင်းနှင့် ကလေး-ဟုမ္မလင်းတို့မှာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားနိုင်သည့် ဇုန်အတွင်း ကျရောက်နေကြောင်း သိရသည်။

ရေကြီးရေလျှံမှုများအရ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး ဘေးအန္တရာယ်ဖြစ်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ နှောင်းပိုင်းမှ အောက်တိုဘာလအထိ ဖြစ်ပွားတတ်ပြီး မုတ်သုံမိုး အများဆုံး ရွာသွန်းသည့် သြဂုတ်လတွင် ရေကြီးရေလျှံမှု အန္တရာယ် အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကျရောက်နိုင်သည့် ဘေးအန္တရာယ် ဖြစ်နေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်ဆိုင်ကလုန်းကြောင့် ဆုံးရှုံးမှုများမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲမှ ၂ ဒသမ ၁ ဘီလျံ အသီးသီး ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ဆုံးရှုံးလျော့ပါးရေး လုပ်ငန်းစီမံချက် ၂၀၁၇ တွင် ဖော်ပြခဲ့သည်။