ရခိုင်အရေးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုကို ထောက်ပံ့ရေးတို့အား ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

သြဂုတ် ၁ ရက်က ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ရသော တေလာဆင် (Photo: AFP)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပြီး သူသည် ရခိုင်အရေး ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်သည့် ရာထူးအကြီးဆုံး အမေရိကန် အာဏာပိုင် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

တေလာဆင်၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ရက်စ်တေလာဆင်သည် ရခိုင်အရေးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုကို ထောက်ပံ့ရေးတို့အား ဆွေးနွေးရန် နိုဝင်ဘာ ၁၅ ရက်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရက်စ်တေလာဆင်သည် သမ္မတ ဒေါ်နယ်ထရန့်နှင့်အတူ ပေကျင်းနှင့် မနီလာတွင် ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတို့ အပါအဝင် အာရှငါးနိုင်ငံ ခရီးစဉ်၌ လိုက်ပါပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သည် မြန်မာတပ်မတော်က ဘင်္ဂါလီမွတ်စလင် အကြမ်းဖက် သမားများကို နှိမ်နင်းခဲ့ရာ သြဂုတ်လမှစ၍ အကြမ်းဖက်မှုများ အတွင်းသို့ ကျရောက်ခဲ့သည်။

ယင်းအချိန်မှစ၍ လူပေါင်း ၆၀၀,၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြပြီး မြန်မာတပ်မတော်နှင့် အစိုးရလိုလားသော ပြည်သူ့စစ်များက မုဒိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် မီးရှိုှု့မှုများ ပြုလုပ်ခဲ့ကြောင်း ပြောပြခဲ့ကြသည်။

ကုလသမဂ္ဂက မြန်မာတပ်မတော်၏ စစ်ဆင်ရေးသည် လူမျိုးစုလိုက် သုတ်သင်မှု မြောက်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ပြီး ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နေရပ်သို့ ပြန်ခွင့်ပြုရန် မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ မြင့်တက်လာခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချသော်လည်း တာဝန်ရှိသည်မှာ မြန်မာတပ်မတော်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရ မဟုတ်ဟု ဂရုစိုက်ပြောကြားခဲ့သည်။

တေလာဆင်က ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ဖော်ပြောကြားမှုများ ပြုလုပ်ရန် ဖိအားပေးလျက်ရှိပြီး သြဇာကြီးမားသော မြန်မာတပ်မတော်အား လေ့လာသူ သံတမန်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများကို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုရေးအတွက် ဖိအားပေးခဲ့သည်။

မြန်မာတပ်မတော်သည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပဋိပက္ခဖြစ်ပွားသော ဒေသများတွင် ကြီးမားသော အာဏာများကို ရယူထားဆဲဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးနှင့် ညီမျှသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည်၏ အာဏာမှာ အကန့်အသတ် ရှိနေသည်။

Ref: AFP