သထုံမြို့နယ် အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအား အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် အမှုဖွင့်ခဲ့သူမှာ ခြိမ်းခြောက်မှု ခံနေရဟုဆို

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

သထုံမြို့နယ် အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအား အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် အမှုဖွင့်လှစ်သူ ဦးဝင်းညွန့်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ခံနေရကြောင်း ၎င်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးနေသူ တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဖြစ်သူ ဦးခင်မောင်ကြည်က ပြောကြားသည်။

“ကျွန်တော်တို့က ဦးဝင်းညွန့်ရဲ့ လုံခြုံရေးအတွက်ကို ကာကွယ်ပေးထားတယ်။ ဦးဝင်းညွန့်ကိုလည်း ခင်ဗျားဘယ်မှ မသွားရဘူး။ ကျွန်တော့်ဆီမှာပဲနေ၊ ဘယ်သူပဲခေါ်ခေါ်၊ ဖုန်းနဲ့ပဲခေါ်ခေါ် ကျွန်တော်မသိဘဲနဲ့ မသွားရဘူး။ အဲဒါကြောင့် သူ့ရဲ့လုံခြုံရေးအတွက် ရှင်းရှင်းပြောရရင်တော့ ကျွန်တော်က စစ်သားဆိုတော့ လုံခြုံရေးကို ပိုသိတယ်” ဟု ဦးခင်မောင်ကြည်က ပြောကြားသည်။

ပြည်တွင်းထုတ် ပုဂ္ဂလိကဂျာနယ် တစ်စောင်တွင် ဖော်ပြခံထားရသော ဦးဝင်းညွန့်ပုံကို ခွန်တန် (ခ) ဇာတ်လိုက်၏ တပည့်များက တွေ့ရှိပြီးနောက် ယင်းပုံကို လက်ညှိုးထိုးကာ ဦးဝင်းညွန့်ကိုခေါ်ပြီး အပြတ်ရှင်းရန် ပြောဆိုထားသည့်အပြင် ဦးဝင်းညွန့်ကိုလည်း လိုက်လံရှာဖွေနေသည့် သတင်းများလည်း ကြားနေရကြောင်း၊ ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး သထုံမြို့မရဲစခန်း၌ တိုင်ချက်အနေဖြင့် မဟုတ်ဘဲ သတင်းပေးပို့ ဆောင်ရွက်ထားခဲ့ကြောင်း ဦးခင်မောင်ကြည်က ဆိုသည်။

“ဒီလူတွေက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ် လောက်က ဒီလိုပဲ။ ဇာတ်လိုက် တပည့်တွေက ဗိုလ်ကျလာတယ်။ စိုးမိုးလာတယ်။ ဟိုမှာ ရိုက်ခွဲ၊ မီးရှို့ သူတို့လုပ်လာတဲ့ဟာကြီးပဲ။ သူတို့လုပ်တဲ့ဟာကိုလည်း အများက ရဲကို မတိုင်ရဲကြဘူး။ ဘာလို့မတိုင်ရဲကြလဲဆိုတော့ ဒီဒေသမှာက ဇာတ်လိုက်ရဲ့ အဖွဲ့တွေက အာဏာကြီးစိုး နေတဲ့အချိန် ဖြစ်နေလို့ပါ” ဟု အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသူ ဦးဝင်းညွန့်က ပြောကြားသည်။

“ကံကောင်းပါ သုံးဦးက ဦးဝင်းညွန့်ကို အပြတ်ရှင်းပစ်မယ်။ သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဦးဝင်းညွန့်က တစ်ဆင့် ကြားသိရပါတယ်။ အောက်တိုဘာ ၃၀ ရက်က အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုနဲ့ ပတ်သက်ပြီး သထုံမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်တယ်လို့ သိရပါတယ်” ဟု သထုံမြို့မ ရဲစခန်းမှူးဒုရဲမှူး မောင်မောင်က ပြောကြားသည်။

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအား အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် အောက်တိုဘာ ၂၄ ရက်က သထုံမြို့မရဲစခန်းတွင် နစ်နာသူ အမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းညွန့်က အမှုဖွင့် တိုင်ကြားထားသည်။