မဒေးကျွန်းရှိ CNPC ကုမ္ပဏီမှ ဒေသခံများအတွက် ပေးဝေလျက်ရှိသော ရေပေးဝေမှုစနစ် ပိုမိုကောင်းမွန်ရန် နိုင်ငံတော်ဘတ်ဂျက် ကျပ် ၂၂ ဒသမ ၇၆ သန်းဖြင့် ပြန်လည်ပြင်ဆင်မည်

မဒေးကျွန်း ရေလှောင်ကန်အား တွေ့ရစဉ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တရုတ်ရေနံဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းရှိ ဒေသခံ ကျေးရွာများအား CNPC ကုမ္ပဏီမှ သောက်သုံးရေ ပေးဝေလျက်ရှိသည့် ရေပေးဝေမှုစနစ်အား ပိုမိုကောင်းမွန်ရန် ၂၀၁၇-၁၈ ခုနှစ် နိုင်ငံတော် ဘက်ဂျက် ၂၂ ဒသမ ၇၆ သန်း ကျပ်ဖြင့် ဖြည့်စွက်ပြန်လည်ပြင်ဆင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ CNPC ကုမ္ပဏီမှ တည်ဆောက်ထားသည့် ရေကန်မှတစ်ဆင့် ဒေသခံကျေးရွာများအား သောက်သုံးရေ ပေးဝေရာတွင် သံပိုက်လုံးဖြင့် ဖြန့်ဖြူး ပေးဝေနေခြင်းဖြစ်ပြီး သက်တမ်းကြာလာသဖြင့် သံချေးနံ့များ နံစော်နေပြီး နောက်ကျိခြင်း၊ ရွှံ့နွံရောင်များ ရောနှောပါဝင်ခြင်းတို့ကြောင့် သောက်သုံးရန် အဆင်မပြေသဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

“ရေကောင်းရေသန့် ရရှိရေးအတွက် ကျွန်တော်တို့က (Filtration Tank) ကန် တစ်ကန် တူးပြီးတော့ အဲဒီကန်ကနေတစ်ဆင့် ရေသန့်ပြီးမှ CNPC ကုမ္ပဏီက လုပ်ထားတဲ့ ကန်ကြီးကို ပြန်ပို့ပါမယ်။ CNPC ကုမ္ပဏီက လုပ်ထားတဲ့ ကန်ကြီးကတစ်ဆင့် ကျေးရွာတွေကို ဖြန့်ပေးဝေပါမယ်။ နောက်ပြီးတော့ ကျေးရွာတွေမှာ ရေပေးဝေနေတဲ့ ကန်တွေမှာ ခေါင်မိုးတွေ ပြိုပျက်တာတို့၊ တိုင်တွေလည်း ဆွေးမြည့်နေတာတွေကိုလည်း ပြန်လည်တည်ဆောက်ပေးသွားမှာပါ။ ကျွန်တော်တို့ဘက်က လုပ်ဆောင်ဖို့ အတွက်လည်း နိုင်ငံတော်က ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်ထောက်ပံ့ငွေ ကျပ် ၂၂ ဒသမ ၇၆ သန်း အရန်သင့် ချထားပြီးပါပြီ” ဟု ကျောက်ဖြူခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးစောထွန်းက ပြောကြားသည်။ မဒေးကျွန်းရှိ ကျေးရွာများအတွင်း ရေကောင်းရေသန့် ရရှိရေးအတွက် ရေပေးဝေရေး စနစ်အား ကျောက်ဖြူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နိုင်ရန် CNPC ကုမ္ပဏီနှင့် ကျောက်ဖြူခရိုင် ဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာက ရေအခက်အခဲ ဖြစ်နေတာ ကြာပါပြီ။ CNPC ကုမ္ပဏီကပေးတဲ့ ရေက သံပိုက်နဲ့ ပေးထားတာဆိုတော့ သံချေးတွေ တက်ပြီး ရေကနောက်ကျိနေတယ်။ ရွှံ့အနည်တွေ ပါတယ်။ သံချေးနံ့နဲ့ သံချေးရောင်တွေ ဖြစ်နေတော့ လုံးဝသောက်သုံးဖို့ အဆင်ပြေဘူး။ သောက်သုံးဖို့က ကျန်းမာရေးအရ စိုးရိမ်ရတယ်။ အခုလို နိုင်ငံတော်ငွေနဲ့ ကျေးလက်က ရေပေးဝယ်မှုစနစ် အားလုံး အကောင်းဆုံး တည်ဆောက်ပြီး ပေးမယ်ဆိုတော့ ဝမ်းသာရတာပေါ့” ဟု မဒေးကျွန်းရွာ မကျေးရွာမှ ဦးမောင်မောင်မြင့်က ပြောကြားသည်။

မဒေးကျွန်းရှိ ရေလှောင်ကန်တွင် ရေပေးဝယ်မှု စနစ်နှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု အားနည်းချက်များကြောင့် ရေဖြန့်ဖြူးပေးဝေရာတွင် ရေပိုက်လိုင်းများ ပျက်စီးခြင်း၊ ရေဖီတာ ပိုက်ခေါင်းများ ပျက်စီးခြင်း၊ သံပိုက်လိုင်းဖြင့် ပြုလုပ်ထားခြင်းကြောင့် ပြင်ဆင်ရန် ခက်ခဲ့ခြင်းများရှိကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ သောက်သုံးရေ ဖြန့်ဖြူပေးဝေရာတွင် တရုတ် CNPC ကုမ္မဏီမှ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ်အတွင်းက တည်ဆောက်ပြီး ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး မဒေးကျွန်းတွင် ရွာမ၊ ပြိန်၊ ပြိန်ချောင်း၊ ကျောက်တန်း၊ ကံ့ကော်တောင်၊ သောက်တလူတောင် ကျေးရွာ စသည့် ရွာပေါင်းခြောက်ရွာရှိပြီး လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။