မီးရှူးမီးပန်းနှင့် တန်ဆောင်တိုင်အလှဆင်

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲကို အောက်တိုဘာ ၂၆ ရက်ညက ပြုလုပ်စဉ် (ဓာတ်ပုံ-စည်သာ)

“ကိုဘသစ်ရေ တန်ဆောင်တိုင်ကို ရောက်တော့မယ်”

“အေးဗျာ သီတင်းကျွတ်ပြီး တန်ဆောင်တိုင်ရောက်ဖို့ တစ်ပတ်အလိုမှာ မိုးတွေကရွာနေတယ်”

“ရာသီဥတု ဖောက်ပြန်နေတာပါ၊ ကျွန်တော်တော့ ကိုမြကြီးဆိုထားတဲ့ သီချင်းသဘောကျတယ်”

“သီတင်းကျွတ်ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင်ဆီမီးက မြိုင်၊ မသိုးအလှ မြတ်သင်္ကန်းကပ်ကာ ရွှေတိဂုံကုန်းမှာတူပြိုင်”

“ဟုတ်ပါ့၊ ကိုဘသစ်အသံကောင်းပဲ၊ မြန်မာတွေက ပွဲတွေကို အတော်ချစ်တယ်”

“ဒါပေါ့၊ မြန်မာတွေက ယဉ်ကျေးမှုအဆင့်မြင့်တဲ့လူတွေ၊ ခြေလက်ခေါင်းခါး အားလုံးလှုပ်ရှားကတဲ့သူတွေဟာ ကမ္ဘာမှာ ယဉ်ကျေးမှုအဆင့်အမြင့်ဆုံးလို့ ဆိုထားတာကို ဖတ်ဖူးတယ်”

“ကျွန်တော်တို့မြန်မာတွေ ယဉ်ကျေးမှုမြင့်တယ်လို့ ပြောချင်တယ်မဟုတ်လား။ အစဉ်အလာရှိတဲ့ လူမျိုးဖြစ်တာတော့ သေချာတယ်။ လူမျိုးပေါင်း ၁၃၅ ပေါင်းထားတဲ့နိုင်ငံပါ။ အင်မတန်ကြမ်းတမ်းပြီး ဒုက္ခတွေရောက်ခဲ့ပေမဲ့ ယဉ်ကျေးမှုကို ထိန်းထားနိုင်တယ်။ ယောက်ျားတွေ ပုဆိုးဝတ်ပြီး မိန်းမတွေ ထဘီဝတ်နေသေးတယ်”

“အင်းဘုရားပွဲများတဲ့ မြန်မာပြည်လို့ လူတွေပြောကြတယ်”

“၁၂ ရာသီ ၁၂ ပွဲရှိတယ်။ တော်သလင်းက လှေပွဲ၊ သီတင်းကျွတ်က ဆီမီး၊ တန်ဆောင်မုန်းမှာက မသိုးသင်္ကန်းပေါ့။ ခုလို တန်ဆောင်မုန်းလမှာတော့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ နာမည်ကြီးတယ်”

“ခုနှစ်ပိုင်းတွေမှာ ပြင်ဦးလွင်မီးပုံးပျံပွဲလည်း နာမည်ကြီးလာတယ်။ အဓိကရည်ရွယ်ချက်က ဘာလဲ”

“ဘာသာရေးအနေနဲ့ ပြောရရင်တော့ နတ်ပြည်က စူဠာမဏိစေတီကို ပူဇော်တာပါတဲ့”

လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော် တောင်ကြီးတန်ဆောင်တိုင်ကို ရောက်သွားပါသည်။ တကယ်တော့တောင်ကြီးတွင် စူဠာမဏိစေတီရှိသည်။ ထိုစူဠာမဏိစေတီသည် တောင်ထိပ်တွင်တည်ထားပြီး ညဘက်မီးများထွန်းထားရာ တကယ့်နတ်ပြည်က စူဠာမဏိစေတီအလား ထင်မှားရအောင် သပ္ပာယ်လှသည်။ တောင်ကြီးမီးပုံးပျံပွဲသည်ကား ထိုတောင်၏ အောက်ဘက်နားရှိ မြေပြန့်တွင်ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်မီးပုံးပျံများ အဖွဲ့လိုက်စောင့်ဆိုင်းကာ မိမိအလှည့်မှ ကွင်းထဲကိုဝင်ရသည်။ မီးပုံးပျံတစ်ဖွဲ့စီတွင် အဖွဲ့ဝင်သုံးလေးဆယ်ခန့်ပါဝင်သည်။ သူတို့သည် မီးပုံးပျံကို အဖျားတွင် တုတ်ဖြင့်ထောက်သည်။ အောက်တွင် မီးထိုးရသည်။ မီးပုံးငယ်လေးများ (စိန်နားပန်) များကိုချိတ်ရသည်။

လျှို့ဝှက်ဆန်းကြယ်သော ခလုတ်များကို တပ်ဆင်သည်။ မှိုင်းဝသောအခါ မီးပုံးထောင်တက်လာသည်။ ညဘက်ပြိုင်ပွဲဝင်သည့် မီးပုံးများသည် အတန်ကြီးသည်၊ ပျမ်းမျှဆလွန်းကားငယ်မှ ဒိုင်ယာနာကား အရွယ်ခန့်ရှိသည်။ မီးပုံးတက်လာလျှင် ဘေးကမီးပုံးငယ်များတွင် မီးထွန်းကြသည်။ ရှမ်းအိုးစည်ဝိုင်းက စတင်တီးမှုတ်တော့သည်။ ထိုအခါ ဘေးကလူတွေက ဝေး..ဝေး ဝေး .. ဟု လက်ခုပ်တီးကြသည်။ သံချပ်တွေ ထိုးကြသည်။ မီးပုံးတက်သည့်အခါ သံချပ်ထိုးသံပို ဆူညံလာသည်။ မီးပုံးအပေါ်ရောက်သည်နှင့် “ရှဲခနဲ မြည်သည်၊ ဒိုင်းခနဲပေါက်ကွဲကာ မီးရှူးမီးပန်းတွေ စထွက်လာတော့သည်။ လူတွေလက်ခုပ်တီးကြသည်။ ကြည့်ရှုသူ တစ်သောင်းကျော်ရှိသည်။ (ကွင်းတစ်ကွင်းလုံးဆိုလျှင် သိန်းချီရှိနိုင်ပါသည်)

တောင်ကြီးတန်ဆောင်တိုင်ကာလတွင် တည်းခိုခန်းအားလုံးပြည့်သည်။ အိမ်တွေမှာလည်း ဧည့်တွေပြည့်သည်။ မီးပုံးပျံတက်သွားသည်။ နောက်ထပ် ရှဲခနဲမြည်ပြန်သည်၊ ဒိုင်းခနဲ့ပေါက်ကွဲကာ မီးရှူးမီးပန်းတွေ ထွက်လာပြန်တော့သည်။ စောစောက ပုံစံနှင့်မတူ၊ မီးကျည်များ ဆက်ကာဆက်ကာ ထွက်လာသည်။ အရောင်တွေကလည်း စုံသည်။ အစိမ်း၊ အနီ၊ အဝါ၊ အဖြူ၊ ခရမ်း၊ မရမ်းပင်လယ်ပြာ။

ဒါကိုအင်္ဂလိပ်လို Firework ဟုခေါ်သည်။ ကောင်းကင်တွင် မီးပန်းများ၊ မီးဆိုင်းများ ပေါက်ကွဲသံများဖြစ်ပေါ်စေခြင်းကို ယေသူယျအားဖြင့် Firework ဟုခေါ်ကြသည်။

Firework ကို ပထမဦးဆုံး တွေ့ရှိတီထွင်သူမှာ တရုတ်ပင်ဖြစ်သည်။ တရုတ်တို့သည် မိမိတို့၏ ရိုးရာပွဲတော်များတွင် ဗြောက်အိုးဖောက်ခြင်း၊ မီးပန်းများ၊ မီးကျည်များလွှတ်ခြင်းတို့ကို ရှေးနှစ်ထောင်ချီသည့် ကာလကပင် စတင်လုပ်တတ်နေပြီဟုဆိုသည်။ ထိုပညာရပ်ကို ယမ်းပြုလုပ်ခြင်း အတတ်ပညာဟုခေါ်သည်။

အနောက်တိုင်းက တရုတ်တို့ထံမှ ယမ်းပြုလုပ်ခြင်းနည်းပညာကို ရရှိကြပြီးနောက် အနည်းငယ်ပြုပြင်ကာ သေနတ်နှင့် အမြောက်ကျည်ဆန်များတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ယမ်းတွင် အဓိကပါဝင်သည့်ပစ္စည်းမှာ ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း)၊ ဆာလဖာ (ကန့်)နှင့် မီးသွေးမှုန့်တို့ဖြစ်ကြသည်။

ယမ်းစိမ်းသည် အောက်ဆီဂျင်ထုတ်ပေးသည်။ မီးသွေးမှုန့်နှင့် ကန့်မှုန့်တို့သည် အောက်ဆီဂျင်နှင့်ပေါင်းကာ အပူနှင့်အလင်းကိုထုတ်ပေးသည်။ ၁၇ ရာစုနှစ်အထိ ထိုယမ်းမှုန့်ကို Firework အတွက်သာ အဓိကထားသုံးကြသည်။ ၁၈ ရာစုမှစ၍ ယမ်းစိမ်းကို ပိုတက်စီယမ်ကလိုရိတ်နှင့် အစားထိုးသုံးစွဲကာ စစ်ရေးအတွက် (သေနတ်ယမ်း)အဖြစ် အဓိကသုံးလာကြသည်။ ယနေ့ Firework များတွင်လည်း ပိုတက်စီယမ်ကလိုရိတ်သို့မဟုတ်ပါ ကလိုရိတ်ကို သုံးစွဲနေကြသည်။ မီးသွေးနှင့် ဆာလဖာနေရာတွင် စတာ့ချ်၊ ကော်၊ သကြား၊ ချိတ်နှင့် ရေနံထုတ်ဓာတုပစ္စည်းများကို သုံးလာသည်။

အရောင်အတွက်တော့ သတ္တုဒြပ်ပေါင်းများကိုသုံးသည်။ အခြေခံအားဖြင့် ကယ်စီယမ်ဒြပ်ပေါင်းက အဝါရောင်၊ ဆိုဒီယမ် ဒြပ်ပေါင်းကအနီရောင်၊ ပိုတက်စီယမ် ဒြပ်ပေါင်း ကခရမ်းရောင်၊ ကော့ပါး (ကြေးနီ) ဒြပ်ပေါင်းကတော့ အစိမ်းရောင်၊ ခဲဒြပ်ပေါင်းကတော့ အပြာရောင် စသည်တို့ဖြစ်သည်။ Firework တွေကို အသံအတွက် ဗြောက်အိုးလို Firecrackers တွေကိုသုံးတယ်။ နောက်အလင်းနဲ့ မီးပန်းတွေထွက်ဖို့ Roman Candles ကိုသုံးကြတယ်။ အဲဒီကနေ မီးပန်းတွေဟာ ကြယ်လိုမီးကျည်တွေထွက်တယ်။ နောက်အလှည့်ကျထွက်လာစေတဲ့ မီးကျည်တွေအတွက် လည်ပတ်တဲ့ Catherine wheels and pinwheels ဆိုသည့်ကိရိယာများကို သုံးသည်။

Firework တွေကိုလုပ်ကြသည့်သူများသည် ဘိုးဘွားစဉ်ဆက် အမွေရထားသော ပညာကိုသုံးကြသည်ကများသည်။ မိမိတို့လိုအပ်သော ယမ်းများကိုရရှိစေရန် အခြေခံများကို စုဆောင်းသည်။ ထိုပစ္စည်းများကို သမအောင်ရောရပါသည်။ ထိုသို့ရောသည့်အခါ အမှုန်လေးများရရှိစေရန် ဆုံထဲတွင်ကြိတ်ရသည်။ ကြိတ်သည့်အဆင့်သည် အင်မတန်အရေးကြီးသည်။ ဘာကြောင့်လဲဆိုတော့ ထိုသို့ကြိတ်စဉ် အပူထွက်လာသောကြောင့်ဖြစ်သည်။ ထွက်လာသောအပူသည် ယမ်းကိုပေါက်ကွဲစေနိုင်သည်။ ထို့ကြောင့်ယမ်းထောင်းသူများသည် မကြာခဏ အန္တရာယ်များဖြင့်ကြုံရကာ လက်ပြတ်ခြေပြတ်တွေဖြစ်ပြီး အသက်ပင်ဆုံးရှုံးရသည်။ တောင်ကြီးတွင် ယမ်းပြင်ဆင်သူအချို့ လက်ပြတ်နေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ခဲ့ရသည်။

မီးပုံးပျံလွှတ်တင်သည့်ကွင်းတွင် ရှမ်းအိုးစည်သံများနှင့် သံချပ်တွေထိုးနေသည့် အသံများကိုကြားနေရသည်။

“ပင်စိမ်းသီးပိုးထိုး၊ တောင်ကြီးသူမ ရအောင်ပိုး”

“တောင်ကြီးသူပုကွကွ၊ ငါနဲ့ရငါနဲ့ရ”

အကဲဖြတ်ဒိုင်လူကြီးတွေက သူတို့၏ထိုင်ခုံများထားရာ စင်တွေပေါ်ကနေကြည့်ကာ အမှတ်တွေပေးနေကြသည်။ မီးထိုးပြီး ရေနံမှိုင်းဝလာသည် ပင်မမီးပုံးပျံကြီးသည် လှုပ်လှုပ်ရှားရှားဖြစ်လာပါပြီ။

“အပေါ်ကို တည့်မတ်စွာထိုးထားပေးသော ဝါးလုံးဆိုင်းကြိုးများ ညီမျှစေရန်အော် ဟစ်သတိပေးနေကြသည်။ မီးပုံးပျံကြီး ယိမ်းယိုင်ကာ အသက်ဝင်လာသလို အပေါ်ကိုခေါင်းထောင်လာပြီ” “မှိုင်းတွေဝပြီ”

စိန်နားပန်ဟုခေါ်သည့် မီးပုံးငယ်များကို မီးထွန်းပေးလိုက်သည်။ ရာထောင်မျှရှိသော ရောင်စုံမီးပုံးငယ်များ ပင်မမီးပုံးကြီးနောက် လိုက်သွားကြသည်။ ရှမ်းအိုးစည်သံနှင့် လင်းကွင်းသံတို့သည် ပို၍မြန်လာသည်။ ရင်ခုန်သံမြန်နေသော ပရိသတ်တွေက အော်ဟစ်ကာ အားပေးနေကြသည်။ အောက်တိုဘာ ၂၆ ရက်ကပြုလုပ်သော ယခုနှစ် တောင်ကြီးမီးပုံးပျံ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲညတွင် ညမီးကြီး ၁၀ လုံး၊ စိန်နားပန်ငါးလုံး၊ ညလွှတ်ပေါင်း ၁၅ လုံး လွှတ်တင်ခဲ့ကြသည်။

“မိုးထိတက်မည့် မီးပုံးပျံကောင်းကင်ယံမှာ ကြည့်ကြကြည့်ကြ”

“စူဠာမဏိတို့ ပူဇော်၊ ဖူးမြော်ကြပါ လူသူအများ”

“နောင်ချမ်းနောင်ချမ်း”

မီးပုံးပျံကြီးထိုးတက်သွားသည်။ အဆင့်တိုင်းတွင် စီမံထားသောပုံစံအတိုင်း အချိန်ခြားကာ မီးကျည်များထုတ်လုပ်သည်။

အဝါရောင်အလုံးတွေ၊ မီးပန်းကြယ်ပုံတွေ လင်းလက်ထွက်လာသည်။ နောက်တစ်ဆင့်တွင် အနီရောင်မီးပန်းများသည် ကြယ်ကြွေသလို ထိုးဆင်းသလို Shooting Star ကဲ့သို့ အဝါရောင်မီးပန်းများသည်လည်း အပေါ်ကို ထိုးတက်သွားသည်ကို မြင်ရသည်။

“ဖောင်း၊ ဒိုင်း၊ ရှူး”

အသံတွေထွက်လာသည်။ တဖေ ျာက်ဖျောက်နှင့် အသံတွေထွက်နေသည်။

“ဟေးဟေးဟေး”

နောက်ဆုံးမီးပုံးသည် တိမ်ထဲဝင်ရောက် ပျောက်ကွယ်သွားသည်။

“အဖွဲ့ ၃၀ လာပါ”

ဒီလိုနဲ့ နောက်တစ်ဖွဲ့ ကွင်းထဲဝင်လာပြန်သည်။

မီးပုံးပျံကို လူငယ်လေးတွေက မျှော်လင့်ချက်များဖြင့် သယ်ဆောင်လာကြသည်။ မီးပုံးပျံတကယ်ပဲ မိုးထိအောင်တက်မှာလား။ မီးပုံးပျံကြီးသည် တစ်ခါတစ်ခါ လေအတိုက်တွင် စောင်းသွားတတ်သေးသည်။ မီးပုံးပျံကွင်းတွင် လေကလည်း အတော့်ကို တိုက်တတ်သည်။

“ဟာ စောင်းသွားပြီ”

ဒီအသံကြားရင်တော့ အားလုံးကွင်းပြင်ကို ပြေးထွက်တော့သည်။

ရွဲ့စောင်းကာ မီးခိုးအန်သွားသော မီးပုံးပျံ အထက်ကိုမရောက်ဘဲ ဖြစ်ခေါင့်ဖြစ်ခဲ ပြန်ကျလာသည်တော့ရှိပါသည်။ ထိုအခါ မီးကျည်များ အောက်တွင်ထွက်လာတော့သည်။ အန္တရာယ်ကြီးပါသည်။

ယမ်းများသည် ကြောက်စရာကောင်းသည်။ ဒီယမ်းတွေ ထုတ်လုပ်သည့်စက်ရုံများ မကြာခဏ ပေါက်ကွဲမီးလောင်မှုတွေဖြစ်သည်။ လူများစွာသေသည့်အဖြစ်မျိုး တရုတ်ပြည်တွင်ဖြစ်ဖူးသည်။ အိန္ဒိယတွင် ဖြစ်ဖူးသည်။ မနေ့က သတင်းတစ်ပုဒ်ထဲတွင် အင်ဒိုနီးရှားနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ ၃၀ ဦးသေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိကြောင်း ဖတ်ရသည်။ ယနေ့တောင်ကြီးနှင့် ပြင်ဦးလွင် မီးပုံးပျံပွဲသည် ရိုးရာပွဲဖြစ်နေပါပြီ၊ Firework များ၏ လှပသည့်မြင်ကွင်းကို အားလုံးသဘောကျပါသည်။ မီးကျည်မီးပန်းများကို မိုင်ပေါင်း ၂၀ ကျော်လောက်ကပင် မြင်နိုင်ပါသည်။ ဂုဏ်ယူစရာပါ။

သို့သော် ယမ်းများကို ကိုင်တွယ်သုံးစွဲသည်ကိုတော့ သတိထားပြီး Safty Regulation များကို လိုက်နာသင့်သည်။ ယမ်းနှင့်ပတ်သက်သည့် ခေတ်မီသိပ္ပံနည်းကျကျ တတ်မြောက်စေရန် သင်ယူဖို့လည်းလိုသည်။ နှစ်စဉ်သုံးသော ဆုကြေးငွေများသည် သိန်းရာချီပါသည်။

ထိုငွေကြေးများထောက်ပံ့သလို Firework အတွက် ပညာသင်ဆုများပေးကာ ပညာသင်ကြားစေဖို့ စီစဉ်ရန်သင့်တော်ပါသည်။ နောင်တွင် အပြိုင်အဆိုင်ပို၍များလာမည်။ အန္တရာယ်လည်း ပိုကြီးလာပေမည်။

တန်ဆောင်မုန်း တန်ဆောင်တိုင်သမယတွင် ပျော်ရွှင်နိုင်ကြပါစေ။