ကျောက်တံခါးမြို့တွင် ရက်ကန်းလုပ်ငန်းများအား မိသားစု တစ်ပိုင်တစ်နိုင်အဖြစ် လုပ်ကိုင်လျက်ရှိ

ကျောက်တံခါးမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ရိုးရာရက်ကန်းခတ်ချည်ထည်လုပ်ငန်းများအား မိသားစု တစ်ပိုင်တစ်နိုင်ဝင်ငွေအဖြစ် လုပ်ကိုင်လျက်ရှိပြီး ဒေသထွက် ချည်ထည်များကို မြန်မာနိုင်ငံ အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“တော်တော်များများကတော့ ဝန်ထမ်းလုပ်ဖို့ကလည်း အဆင်မပြေ၊ ပညာရေးကလည်း တစ်ပိုင်းတစ်စနဲ့ဆိုတော့ မိန်းကလေးတွေ အနေနဲ့ကတော့ ဒီလုပ်ငန်းက မိန်းကလေးလုပ်ငန်းအနေနဲ့ အတင့်တယ်ဆုံးပဲ။ အိမ်မှာ နေရင်းထိုင်ရင်းပဲ ကိုယ့်အလုပ်သဘောမျိုးပဲ လုပ်ရတာလေ။ ကိုယ်ပိုင်လုပ်ငန်းလိုပဲ ခတ်ကြရတာ။ နားချင်လည်းနားမယ်။ ခတ်ချင်လည်း ခတ်မယ်ပေါ့။ သူတို့ရဲ့ဝင်ငွေက တစ်ကွင်းကိုဆိုရင်တော့ ရက်ကန်းခတ်ခက တစ်ထည်ကို ၃၀၀၊ ၄၀၀ လောက်ပဲ ပေးရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်တဲ့ အတွက် ကိုယ်ပိုင်လုပ်တာတွေ များတဲ့အတွက်ကြောင့်မို့လို့ တစ်ကွင်းကို သူတို့အနေနဲ့ ၁၀၀၀ အနိမ့်ဆုံး ကျန်ပါတယ်” ဟု ကျောက်တံခါးမြို့မှ ချည်ထည်လုပ်ငန်းရှင် ဒေါ်ကြည်မြင့်က ပြောကြားသည်။

ကျောက်တံခါးချည်ထည်လုပ်ငန်းများအား လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်မှစတင်၍ သမဝါယမစီမံကိန်းအဖြစ် စတင်လုပ်ကိုင်ရာမှ အောင်မြင်လာခဲ့ပြီး ယနေ့တိုင် လုပ်ကိုင်လျက်ရှိကြောင်း၊ ချည်ထည်ရက်လုပ်သည့် ရက်ကန်းစင်များအား နေအိမ်များတွင် တပ်ဆင်၍ မိသားစု တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိရန် ရပ်တည်လုပ်ကိုင်လျက်ရှိကြောင်း၊ ရက်ကန်းစင်တစ်စင်မှ တစ်နေ့လျှင် ချည်ထည် သုံးထည်မှ ငါးထည်အထိ ရက်လုပ်နိုင်ကြောင်း၊ ရက်ကန်းစင်ကိုယ်ပိုင်ရှိသူများမှာ ချည်ထည် တစ်ထည်လျှင် ကျပ် ၁၀၀၀ ဝင်ငွေရရှိပြီး အငှားရက်လုပ်သူများမှာ ချည်ထည်တစ်ထည်လျှင် ကျပ် ၃၀၀ မှ ၅၀၀ ကြားရရှိကြောင်း၊ မိန်းကလေးများအတွက် အိမ်နေရင်းလုပ်နိုင်သော လုပ်ငန်းဖြစ်သောကြောင့် မိသားစု တစ်နိုင်တစ်ပိုင်ဝင်လုပ်ငန်းအဖြစ် ရပ်တည်လုပ်ကိုင်၍ အဆင်ပြေလျက်ရှိကြောင်း ရက်ကန်းခတ်ချည်ထည်လုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။

“ချည်ထည်ရက်တာက ဗြောင်ဆိုရင်တော့ တစ်နာရီခွဲ နှစ်နာရီလောက်ကြာတယ်။ အပွင့်ဆိုရင်တော့ နှစ်နာရီလောက်ကြာတယ်။ မိန်းကလေးပဲခတ်ကြတာ တစ်နေ့ကို ငါးကွင်း ခြောက်ကွင်း၊ ခတ်ခက တစ်ကွင်းကို ၃၀၀၊ တစ်နေ့ကိုမှ ၁၅၀၀၊ ၂၀၀၀ အဲဒီလောက်ပဲ ရတယ်။ ဘယ်အချိန်ကတည်းကလုပ်လဲ ဆိုတော့ ကြာတော့ကြာပြီ။ အစ်မက ၁၅ နှစ် ၁၆ နှစ်ကတည်းက ရက်ကန်းခတ်တာ။ အိမ်တွင်းလုပ်ငန်းက ဒီအပိုင်းကတော့ ဒီဟာပဲရှိတာ။ တခြားလုပ်ငန်းလည်း သွားလုပ်ကြပါတယ်” ဟု ကျောက်တံခါးမြို့ ကွင်းတောင်ရပ်ကွက်နေ မအေးစန္ဒာမိုးက ပြောကြားသည်။

ကျောက်တံခါးမြို့မှ ထွက်ရှိသော ချည်ထည်များမှာ အသားထူ၊ ဆေးမကျွတ်ဘဲ တာရှည်ခိုင်ခံ့သော ချည်ထည်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကျောက်တံခါး ရက်ကန်းခတ်ချည်ထည်လုပ်ငန်းများမှ ချည်ထည်ပိတ်အုပ်များ၊ ယောပုဆိုးများ၊ ကျောင်းစိမ်းလုံချည်များ၊ ရုံးယူနီဖောင်းဝတ်စုံများ၊ တိုင်းရင်းသားရိုးရာ ဒီဇိုင်းဝတ်စုံနှင့် ချည်ထည်များအား ဝယ်ယူရရှိနိုင်ပြီး ကျောက်တံခါးမြို့နယ်မှ ထွက်ရှိသည့် ရက်ကန်းခတ်ချည်ထည်များအား ကြိုက်နှစ်သက်သူများမှ တစ်နိုင်တစ်ပိုင် လာရောက် ဝယ်ယူကြသူများရှိကြောင်း သိရသည်။

“ဇာတိကတော့ တောကျွဲအင်းကပါ။ ဒီကနေပြီးတော့ ဘားအံကိုကျသွားတဲ့အခါမှာပေါ့နော်။ ဒီအထည်တွေက ကျွန်မတို့လုပ်ငန်းခွင်ဝင်ကတည်းက ဝယ်ပြီးတော့ သုံးတယ်ပေါ့နော်။ လုံးဝရေကျသွားတာလည်း မရှိဘူး။ တာရှည်ခိုင်ခံ့တယ်။ အကြမ်းလည်းခံတယ်။ သူက ဝတ်လို့လည်းကောင်းတယ်။ နံပြည့်တယ်။ အသားဆိုလည်း ပါးသွားတာ ဘာညာမရှိဘဲနဲ့ ခိုင်ခံ့တာပေါ့နော်။ ဒါကြောင့်မို့လို့လည်း နှစ်သက်တယ်ပေါ့နော်။ အခုချိန်ထိလည်း ကျွန်မတို့က တခြားသူငယ်ချင်းတွေ အတွက်ပါ ဝယ်ဝယ်သွားတာပေ့ါ။ လက်ဆောင်အဖြစ်လည်း အများကြီး သုံးလို့ရတယ်ပေါ့နော်” ဟု ဘားအံပညာရေးကောလိပ်မှ နည်းပြဆရာမ ဒေါ်ယဉ်ယဉ်ထွေးက ပြောကြားသည်။