ထိုင်းပြည်သူများက ကွယ်လွန်သူထိုင်းဘုရင်အား နောက်ဆုံးအကြိမ် နှုတ်ဆက်

အောက်တိုဘာ ၂၆ ရက်က ဘန်ကောက်တွင် ကွယ်လွန်သူ ထိုင်းဘုရင် ဘူမိဘော၏ ဈာပနအခမ်းအနားကို ကျင်းပနေစဉ် (Photo: AFP)

ထိုင်းနိုင်ငံတွင် ကွဲပြားမှုများကို ညီညွတ်အောင် မဆောင်ရွက်နိုင်သေးခင် နှုတ်ဆက်ထွက်ခွာသွားခဲ့သည့် ကွယ်လွန်သူ ထိုင်းဘုရင် ဘူမိဘောအဒူယာဒက်အား ထိုင်းပြည်သူများက နောက်ဆုံးအကြိမ် နှုတ်ဆက်ရန် ပြင်ဆင်နေစဉ် အောက်တိုဘာ ၂၆ ရက်၌ ဗြဟ္မဏ ပုဏ္ဏားများ၊ စည်တော်တီးသူများနှင့် စစ်သားများက ဘန်ကောက်ရှိ သမိုင်းဝင် ဗဟိုချက်တစ်လျှောက် တည်ကြည်လေးနက်ပြီး ရောင်စုံသည့် ဈာပနအခမ်းအနားကို ဦးဆောင်ခဲ့သည်။ နေပြင်းပြင်းအောက်တွင် တော်ဝင် အရိုးအိုးအား တင်ဆောင်ထားသော နှစ်ဘီးတပ် ရွှေရောင်စစ်ရထားက မြို့တော်ကို ဖြတ်သန်းသွားစဉ် ဝမ်းနည်းကြေကွဲနေသော အနက်ရောင်ဝတ်ဆင်ထားကြသူ ၃၀၀,၀၀၀ ခန့်က လမ်းပေါ်တွင်စုဝေးခဲ့ကြပြီး တချို့က မျက်ရည်သုတ်လျက်၊ တချို့က မြေကြီးတွင် ဝမ်းလျားမှောက်လျက် ဝမ်းနည်းပက်လက် ဖြစ်နေခဲ့ကြောင်း သိရသည်။

ယင်းဈာပနနှင့် ဘာသာရေးအခမ်းအနားများအတွက် ဘူမိဘော၏သားဖြစ်သူ မဟာဝိဇယလောင်ကွန်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့စဉ် ယင်းဈာပနအတွက် ရည်ရွယ်တည်ဆောက်ခဲ့သော ဒေါ်လာသန်း ၉၀ ကုန်ကျခဲ့သည့် မီးသြင်္ဂိုဟ်စင်ကြီး၏ ရွှေရောင်ခေါင်ချွန်းသည် နေရောင်အောက်တွင် တောက်ပနေခဲ့သည်။ မီးသြင်္ဂိုဟ်အခမ်းအနား မစတင်မီ ယင်းအရိုးအိုးအား သြင်္ဂိုဟ်စင်ကို သုံးကြိမ် လှည့်ပတ်မည်ဖြစ်သည်။ ဖခင်ဖြစ်သူ ချက်ကရီမျိုးဆက်၏ နဝမမြောက်ရာမဘုရင်၏ ရွှေရောင်အလောင်းစင်အား ဝိဇယလောင်ကွန်းက ည ၁၀ နာရီတွင် မီးရှို့မည်ဖြစ်ကြောင်း သိရသည်။

ယင်းဈာပနသို့ ထိုင်းနိုင်ငံရေးတွင် သြဇာအာဏာကြီးသော တော်ဝင်မိသားစုဝင်များ၊ ဗိုလ်ချုပ်များ၊ သြဇာရှိ ရှေးရိုးဝါဒီများ အပြင်ပြည်ပမှ ဧည့်သည်တော်အများအပြားလည်း တက်ရောက်ကြမည်ဖြစ်သည်။ ယင်း ကြီးကျယ်သောအခမ်းအနားသည် နိုင်ငံ၏ဖခင်အဖြစ် သတ်မှတ်ကိုးကွယ်သည့် ဘူမိဘောအား ပြည်သူများက နောက်ဆုံးအကြိမ် နှုတ်ဆက်သည့်အခွင့်အရေးဖြစ်သည်။ ဘူမိဘောသည် ၁၉၅၀ ပြည့်နှစ်တွင် ထီးနန်းစတင်စိုးစံခဲ့ပြီး ပြီးခဲ့သောနှစ်တွင် အသက် ၈၈ နှစ်၌ ကွယ်လွန်ခဲ့သည့်အချိန်မတိုင်မီ ထိုင်းနိုင်ငံသမိုင်းတွင် ဆယ်စုနှစ်များစွာ လွှမ်းမိုးခဲ့သူ ဖြစ်သည်။ အထူးတလည် စီမံခဲ့သော နန်းတော် ဝါဒဖြန့်မှုများနှင့် ပြင်းထန်သော တော်ဝင် အသရေဖျက်မှုဥပဒေများက ၎င်း၏လက်ထက်အတွင်း ဘူမိဘော၏ဂုဏ်သိက္ခာကို အရောင်တင်ပေးခဲ့သည်။

နိုင်ငံရေးအရ အလွန်အမင်းထိရှလွယ်သော ထိုင်းနိုင်ငံတွင် တည်မြဲစေသည့်ပုံရိပ်တစ်ခုအား ဆုံးရှုံးလိုက်ရခြင်းကြောင့် မရေမရာမှုများသို့ သက်ဆင်းစေခဲ့သည်။ ဘူမိဘော၏နန်းသက်အုပ်စိုးမှု အချိန်အများစုတွင် ထိုင်းနိုင်ငံ၌ အကြမ်းဖက်ဆန္ဒပြမှုများ၊ သက်တမ်းတိုသည့် အရပ်သားအစိုးရများနှင့် အာဏာသိမ်းမှုများ လှည့်ပတ်ဖြစ်ပွားခဲ့သည်။ ဘူမိဘောသည် ၎င်းကွယ်လွန်ချိန်တွင် အရှေ့တောင်အာရှ၌ မညီမျှမှု အကြီးမားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော ထိုင်း၌ အထွတ်အထိပ် ရောက်နေသည့် ကမ္ဘာ့အချမ်းသာဆုံး ဘုရင်စနစ်ကို ချန်ထားခဲ့သည်။