၂၀၃၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်းထောင်ပေါင်း ၁၄၀ ရရှိရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ၏ ကာလရှည်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ စီမံကိန်းကို ပြန်လည်သုံးသပ်လျက်ရှိ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်

၂၀၃၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်းထောင်ပေါင်း ၁၄၀ အထိရရှိရန် ရည်မှန်းထားကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာဖို့အတွက်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့အကူအညီနဲ့ ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေးဆိုင်ရာစီမံကိန်း ရေးဆွဲရာမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ထောင်ပေါင်း ၁၄၀ ရရှိရန် ရည်မှန်းထားတယ် ဆိုတာ သုံးသပ်တွေ့ရှိရပါတယ်”ဟု စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

လက်ရှိအချိန်တွင်မူ ကာလရှည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာ စီမံကိန်းကိုပြင်ဆင်ပြီး ပြန်လည်သုံးသပ်လျက်ရှိကြောင်း ဝန်ကြီးဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ အခြေခံအဆောက်အအုံ၊ ဥပမာ- ဆိပ်ကမ်း၊ လမ်းတံတား၊ လျှပ်စစ် စသည်ဖြင့် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးပါဘူး။ ဒါကို အခြေခံအဆောက်အအုံကဏ္ဍ ပီပြင်စွာတိုး တက်လာဖို့အတွက် Infrasturcture PPP Institutional Framework ကို ဆောင်ရွက်နေတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ဟာ ပိုမိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော် ဝင်ရောက်ထားကြောင်းနှင့် ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးဘီလျံကျော် ပိုမိုဝင်ရောက်မြှုပ်နှံ ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂၉ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၅၄၆ ဒသမ ၈၉၈ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃၁ ဒသမ ၀၈ သန်းစီးဝင်ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သတင်းထုတ်ပြန်ချက်(၁၁/၂၀၁၇) အရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူး စီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၄ ဒသမ ၀၈ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၃၄၅ ဒသမ ၁၅၉ သန်း စီးဝင်ခဲ့ခြင်းဖြစ်သည်။