တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန်တစ်သိန်း တင်ပို့ရန် နိုဝင်ဘာလအတွင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

ဘုရင့်နောင်ဝင်းအတွင်းရှိ ဆန်ပွဲရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် တစ်သိန်း တင်ပို့ရန်အတွက် နိုဝင်ဘာလအတွင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

“တရုတ်နဲ့ သက်တမ်းကုန်ဆုံးပြီး တင်ပို့ပြီးသွားတဲ့ MoU တန်ချိန်တစ်သိန်းကို နောက်ထပ်တန်ချိန်နှစ်သိန်း ဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်။ မကြာခင်မှာ တန်ချိန်တစ်သိန်းကို နှစ်ဖက်ပြန်ပြီး MoU ထိုးဖို့ရှိတယ်။ အဲဒီတော့ တရုတ်နဲ့လည်းရှိတယ်။ ကျန်တဲ့နိုင်ငံတွေနဲ့လည်း ဆွေးနွေးနေတယ်။ MoU က ထိုးလို့ရတဲ့ အနေအထားရောက်နေပြီ။ နိုဝင်ဘာလထဲမှာထိုးမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် မြန်မာ့ဆန်တင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှ တရားဝင်တင်ပို့ခြင်းအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။ သို့သော် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နှစ် နိုင်ငံနားလည်မှုစာချွန်လွှာ ရေးထိုးတင်ပို့ခြင်းများသည် တရားဝင်တင်ပို့ခြင်းဖြစ်သည်။

ပြည်ပသို့ ဆန်တင်ပို့မှုတွင် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ဒေါ်လာ ၉ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ ဆန်ဖြူ နှင့် ပေါင်းဆန် ၃၁၇၉၂ တန်တင်ပို့ခဲ့ကြောင်း၊ ယင်းတို့အနက် တရုတ်နိုင်ငံသို့ ငစိန်ဆန် တန် ၁၀၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန်  ၁၀၇၅ တန်နှင့် ငစိန်ဆန်တန်၂၅၀၊ ရုရှားနိုင်ငံ သို့ ပေါင်းဆန်တန် ၆၅၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေါင်းဆန်တန်ချိန် ၂၅၀၊ ဧည့်ထမဆန်  တန် ၅၁၅၀ နှင့် ဇီယာဆန် ၄၂၅ တန်၊ ဗီယက်နမ် နိုင်ငံသို့ဧည့်မထဆန် ၁၂၅ တန်၊ အာဖဂန်နစ္စတန်နိုင်ငံသို့ ဧည့်မထဆန် တန် ၁၀၀၀၊ မက်ဒါဂါစကားနိုင်ငံသို့ ဧည့်မထဆန် ၁၀၇၂ တန်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဧည့်မထဆန်တန် ၂၀၀၀၀၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၆၉၅ တန်နှင့် ဧည့်မထဆန်တန်ချိန် ၁၀၀၀ တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ ၃၅၆၂၇ တန်တင်ပို့ခဲ့သဖြင့် ယခုသီတင်း ပတ်မှာ ယခင်ကထက် တန်ချိန် ၃၈၃၅ တန် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၆ ရက်အထိ ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့ထားမှုမှ ဒေါ်လာသန်း ၅၀၀ နီးပါးရရှိထားကြောင်း၊ ခြောက်လအတွင်း ယခုနှစ်လျာထားချက်နှစ်သန်း၏ ရာခိုင်နှုန်း ၈၀ ခန့် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုတွင် နှစ်စဉ် ဒေါ်လာ ၁၀ ဘီလျံခန့်ကုန် သွယ်မှုပြုလုပ်နေခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။