ကရုဏာဒေါသပဲ ဆိုပါစို့

နယ်ဒေသတစ်ခုရှိ ဘုရားပွဲတော်သို့ လာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဦးစန္ဒိမာ)

ပြီးခဲ့တဲ့ လပြည့်နေ့က မိန်းမနဲ့ သမီးကို ဘုရားလိုက်ပို့ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘုရားတရားနဲ့ဝေးပြီး မရောက်ဖြစ်တာ အတော်ကြာပါပြီ။ ကျွန်တော်က ဟိုဟိုဒီဒီ ရောက်ခဲလှတယ်။ ဘုရားဆိုရင် တစ်နှစ်နေလို့ တစ်ခါ မရောက်ဖြစ်။ အလုပ်ရှုပ်လို့ရယ်၊ ဘာရယ်မဟုတ်ပါဘူး။ ဘုရား တရား မကြည်ညိုလို့လည်း မဟုတ်ဘဲ လူရှုပ်ရှုပ်ဆို မတိုးချင်တဲ့စိတ်ကြောင့် အများနွဲှပျော်တဲ့ ပွဲတော်တို့၊ ဘာတို့ဆိုရင် ဝေးဝေးက ရှောင်တယ်။ ပိုဆိုးတာက နယ်မြို့တွေမှာ ပွဲတော်ရက်များဆိုရင် ဆိုင်ကယ်တွေရှုပ်ပြီး ပရမ်းပတာ မောင်းကြတာကလည်း များလွန်းတော့ အလွန်သတိထားရတယ်။ တော်ရုံတန်ရုံကိစ္စနဲ့ အပြင်မထွက်ဖြစ်တော့ဘူး။

သမီးလေးမှာလည်း ပတ်ဝန်းကျင်မှာ ကစားဖော် ကလေးမရှိ၊ နေရတာက မြို့ပြင်လိုနီးနီးဆိုတော့ လူကြောက်ချင်သလို ဖြစ်နေတယ်။ ဒါပေမဲ့ သူက အဲဒီဘုရားပွဲလို၊ ပွဲဈေးတန်းလို ကလေးကစားကွင်းလို လူစည်တဲ့ နေရာမျိုးကျတော့ ပျော်နေပြန်ရော။ တစ်ယောက်တည်း ဆော့ရတာများတော့ လူအများကြီးကြား ရောက်ရတာ ပျော်တယ်နဲ့ တူပါတယ်။ ဒါနဲ့ပဲ လပြည့်နေ့လည်းဖြစ်၊ သမီးကလေးလည်း ပျော်ရအောင်လို့ ရည်ရွယ်ပြီး မရောက်ဖြစ်တာကြာတဲ့ မြို့တစ်ဖက်အစွန်က တန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ရယ်လို့ အင်မတန်နာမည်ကြီးတဲ့၊ ဘုရားဖူးသူ အင်မတန်များတဲ့ ဘုရားကို ရောက်ဖြစ်ခဲ့တယ်။

မရောက်တာကြာတော့ ကိုယ့်မြို့က ဘုရားကို ပြုပြင်ထားတာတောင် မသိလိုက်မိဘူး။ တော်တော်ကို အကုန်အကျခံ ပြုပြင်ထားတယ်။ ဘုရားရင်ပြင်ကြီးက အကျယ်ကြီး ဖြစ်သွားတာပဲ။ အရင်ကဆိုရင် ဘုရားဦးချဖို့ နေရာကို ရဖို့မလွယ်ဘူး။ ဘုရားရှေ့မှာ အလိုဆန္ဒတွေအစုံ၊ တောင်းဆိုချက်တွေ၊ ပေးထားချက်တွေ အပြည့်နဲ့ အုန်းပွဲ၊ ငှက်ပျောပွဲ ကန်တော့ပွဲတွေနဲ့ ရှုပ်နေတော့ ကျပ်ကျပ်ညပ်ညပ်နဲ့ ဦးသုံးကြိမ်ချ၊ နောက်က ဘုရားကန်တော့မယ့်သူတွေ အားနာတာနဲ့ ခပ်မြန်မြန်ထွက်ရတာပဲ။

ဘုရားရှိခိုးရတာမှာလည်း ထိခြင်းငါးပါး ဖြစ်ဖို့ထက် တစ်ယောက်ယောက် ခြေထောက်၊ တစ်ဦးဦးတင်ပါး မထိမိအောင် အတော်ဦးချယူရတယ်။ နေရာကျဉ်းလွန်းတော့ ဘေးကလူတွေရဲ့ ရွတ်ဖတ်ပူဇော်သံ၊ ဆုတောင်းသံတွေ ကြားနေရရော။ ဆိုတော့ မော်ဂန်ဖရီးမင်းနဲ့ ဂျင်မ်ကာရေး သရုပ်ဆောင်တဲ့ Bruce Almighty ဆိုတဲ့ ဇာတ်ကားတောင် သွားသွားသတိရမိတာပေါ့။ အခုတော့ ကျယ်ကျယ်ပြန့်ပြန့်၊ အုန်းပွဲ၊ ငှက်ပျောပွဲတွေအတွက် နေရာသတ်သတ် ရှိနေပြီ။ မိဘတွေ ဘုရားဖူးပြီး ဘုရားရင်ပြင် ခဏထိုင်၊ ဘုရားရိပ် တရားရိပ်ခိုတုန်း ကလေးတွေ ပြေးလွှားနေဖို့ နေရာကျယ်ကျယ်ရသွားတာပေါ့။ ဘုရားဖူးသူကများတော့ ပြေးလွှားနေတဲ့ သူ့ကလေး၊ ကိုယ့်ကလေးတွေ အများကြီး။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာသူတွေနဲ့ စည်းကားရှုပ်ထွေးလို့။ အဲဒီမြင်ကွင်းတွေ ကြားထဲကမှ ဘုရားအဝင်မုခ်ဦးအပေါက်နားက မိသားတစ်စုကိုလည်း ထူးထူးခြားခြား သတိထားမိလိုက်တယ်။

အဘိုးအိုက မျက်လုံးကို မှိတ်လို့မယ် ဒလင်တီးရင်း သူ့ဂီတမှာ သူနစ်မျောနေပုံပဲ။ မယ်ဒလင်တီးနေတဲ့ သူ့လက်ကို ကြည့်မိတော့ လက်ချောင်းလေးတွေမှာ ဝါညစ်ညစ်ဖြစ်နေတဲ့ ပတ်တီးအဖြူတွေပတ်ထားကို တွေ့ရတယ်။ ဘေးနားမှာ အဘွားအိုက လင်းကွင်းတစ်ခြမ်းကို ဝါးတူလေးတစ်ချောင်းနဲ့ စည်းလိုက်ရင်း မောင့်အချစ်မြားစူး သီချင်းကို ဆွဲဆွဲငင်ငင် သီဆိုလို့။ သူတို့နှစ်ယောက်ရဲ့ အလယ်မှာက အသက် ၂၀ လောက်ရှိမယ် ထင်ရတဲ့ ယောကျ်ားကလေးတစ်ယောက်၊ သူကလည်း သစ်သားတုံးတစ်ခုကို တီးရင်း စည်းဝါးလိုက်တယ်ပေါ့။ သူတို့ရှေ့က ဒန်ဖလားထဲမှာ ၁၀၀၀ တန်ကလေး တစ်ရွက် နှစ်ရွက်နဲ့ ၁၀၀ တန်၊ ၂၀၀ တန်ကလေးတွေတော့ ရောက်နေပြီ။

အဘိုးအို၊ အမယ်အိုကြီးတွေ ဒီလို တောင်းရမ်းစားသောက်နေကြတာကို မြင်ရတာ စိတ်ထဲ တကယ်မချမ်းသာလှပါဘူး။ ဘုရားရှိခိုးရင်း သမီးကလေး ရင်ပြင်ပေါ် ဆော့ပြေးကစားနေတာလေး ကြည့်ရင်းက ရထားတဲ့ ကြည်နူးစိတ်ကလေးတောင် လွင့်စင်သွားပြီး သက်ပြင်းပဲချမိတယ်။ တတ်နိုင်တာကတော့ ပိုက်ဆံကလေး ၁၀၀၀။ သူတို့ မိသားစုရှေ့က ဒန်ဖလားလေးထဲ ထည့်ပေးရုံပေါ့။

ကျွန်တော်က ခုတစ်လော လူက ရှိသင့်တဲ့ ပမာဏထက် ပိုဝလာတယ်။ တချို့ကဆို ဖောနေသလားလို့တောင် အားမနာတမ်း မေးတတ်ကြတယ်။ စိတ်ဆိုးစရာတော့ မရှိပါဘူး။ တစ်ပတ် တစ်ခါ၊ နှစ်ခါလောက်တော့ ကျွန်တော်လည်း ဘီယာလေး၊ ဘာလေး သောက်တတ်တော့ သူတို့ထင်ရင်လည်း ထင်ပေမပေါ့။ ကိုယ်ခန္ဓာက သိပ်ဝလာတဲ့အခါကျတော့ လူက ထုံထိုင်းလာတယ်။ နှေးကွေးလာတယ်။ ထိုင်မိရင် ဖွဲအိတ်ကြီးများလို ပုံလျက်သားပဲ။ တော်တော်နဲ့ ပြန်မထချင်ဘူး။ အထိုင်အထ မြန်မိရင်လည်း မူးနောက်နောက် ဖြစ်သွားတတ်ပြီး ခဏတစ်ဖြုတ် မျက်လုံးမှိတ် ငြိမ်နေပေးရတော့တယ်။ ကြယ်တွေ၊ လတွေမြင်တယ် ဆိုသလိုမျိုးပေါ့၊ ငွေရောင်အစကလေးတွေ မျက်စိထဲ ပေါ်ပေါ်လာတယ်။ နောက်ပြီး ကျွန်တော့်ခြေတွေ၊ လက်တွေက ပုံမှန်ဆိုရင်ကို ခြေခုံလက်ခုံမောက်တယ်။ အခုလို လူကလည်း အတင်းဝနေတော့ ဖောသွပ်သလို ဖြစ်နေတာပေါ့။ ဆိုတော့ ကျောက်ကပ်လား၊ ဘာလား သံသယက ဖြစ်လာရော။ ဒါနဲ့ပဲ ဆေးလိပ်၊ အရက်၊ ဘီယာ ဖြတ်ဦးမှဆိုပြီး ဖြတ်လိုက်တာပဲ။

ဒီတော့ ဘော်ဒါဘော်ကျွတ်တွေက ဘုရားသွား၊ ကန်တော့ပွဲပေးဖြတ်ဖို့ မတောင်းဆိုရဘဲ အလကားမတ်တင်း အကြံဉာဏ်တွေ ပေးလာကြရော။ ပြန်မသောက်ဖြစ်အောင် သံပတ်တင်းတဲ့ သဘောမျိုးလုပ်ဖို့ပေါ့လေ။ ခက်တော့ ခက်တယ်။ ပြုံးပြုံးနဲ့ပဲ ဘုရား သူ့ဘာသာသူ နေပါစေကွာလို့ပဲ ပြန်ပြောရတယ်။

ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်းတွေထဲမှာလည်း သာမန်နေ့တွေဆိုရင် သိပ်အသောက်များလွန်းလို့ ဝါတွင်းကျရင်တော့ အရက်၊ ဘီယာ ဖြတ်ကြတဲ့ လူတွေ အများကြီးရှိတယ်။ သူတို့က ပုံမှန်နီးနီး အသောက်သမားတွေဆိုတော့ သူတု့ိဖြတ်ပုံက တစ်မျိုးဆန်းတယ်။ မြို့အစွန်က တန်ခိုးကြီးဘုရားကို သွား၊ ကန်တော့ပွဲထိုး ကျိန်စာတွေ၊ ဘာတွေ (နေမှာပေါ့) ဆိုပြီး ဖြတ်ကြတာကိုး။ ဒီမြို့၊ ဒီနယ်ပိုင်းက လူတွေတင်မကဘူး။ ရန်ကုန်ကနေလာပြီး အဲဒီလို ကန်တော့ပွဲပေး၊ ဖြတ်ကြတာတွေတောင် ရှိတယ်။ သူတို့အခေါ်တော့ ဘုရားလှူတယ်ပေါ့။

တစ်ခါသားလည်း အဲဒီလိုပဲ ရန်ကုန်က ကျွန်တော့်သူငယ်ချင်းတစ်ယောက် အရက်၊ ဘီယာ သုံးလ လာလှူတာဆိုပြီး ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ သူ့ဆီလာခဲ့ဖို့ပေါ့။ အခု ဘယ်မှာတုန်းဆိုတော့ သူက ဘီယာဆိုင်မှာတဲ့။ အံ့တောင်သြမိတယ်။ မင်း ခုပဲ ဘုရားလှူလာတာဆိုလို့မေးတော့ ဟုတ်တယ်လေ ဘုရားမှာ တိုင်တည်ခဲ့တုန်းက ယနေ့ ညနေ ငါးနာရီမှစ၍ သုံးလတိတိလို့ ဆိုခဲ့တာတဲ့။ အခု ငါးနာရီမှ မထိုးသေးဘဲဆိုပြီး အဝသောက်နေတာတဲ့။ အေးကွာ မင်းတို့ဆီကများ ကြားလိုက်ရရင်ဖြင့် သိပ်ဆန်းကြယ်တာတွေချည်းပဲလို့ ငေါ့ပြောမိတယ်။

ကျွန်တော်က ဒါကို နည်းနည်းမှ သဘောမကျဘူး။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိစ္စ၊ ဘုရားကို ခုတုံးလုပ်တယ်ပဲ သဘောထားတယ်။ တစ်ခါတလေ သူတို့ကိုလည်း ခနဲ့တာပေါ့။ မင်းတို့ မကောင်းတဲ့ အရက်ကျတော့ ဘုရားလှူတယ်နော်။ ကောင်းတဲ့ဟာကျတော့ အိမ်မှာပဲထားတယ်။ အဲဒါကြီး ဘုရားလှူလိုက်ပါလားလို့ ပြောင်တာပေါ့။ သူတို့ကတော့ ဘယ့်နှယ်မှ မနေပါဘူး။ ပြုံးပြုံးပါပဲ။ သူတို့တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဘုရားက တန်ခိုးကြီးတယ် ကတိခံလှူပြီးမှ ပြန်သောက်လို့ ဘယ်သူတွေတော့ သွေးအန်သေကြတယ်၊ ဘာညာနဲ့ နာမည်ကြီးလွန်းလို့ကို အနယ်နယ် အရပ်ရပ်က လာကြတာပဲ။ ကျွန်တော်တော့ဖြင့် ဒါမျိုး သိပ်ရယ်ချင်တာပဲ။ ရယ်ချင်ရင်လည်း ရယ်ရုံပဲရှိတာပေါ့။

ဒီလို အရက်လှူတယ်၊ ဘီယာလှူ တယ်၊ ဆေးလိပ်လှူတယ်၊ ကွမ်းလှူတယ် စသဖြင့် (တချို့များဆို လောင်းကစား လှူတယ်ဆိုတာတောင် ရှိသေးပေါ့။) အဲဒါတွေ တင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ စီးပွားလာဘ်လာဘ တိုးအောင် လုပ်နိုင်တယ်။ ဒီပြင် အငြင်းပွားစရာ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်သေးတယ် ဆိုတယ်။

အရပ်စကားတွေအရဆိုရင် ဇာတ်လမ်းတွေ၊ ဒဏ္ဍာရီတွေကလည်း အများကြီးပေါ့။ ကြားဖူးတဲ့ ဇာတ်လမ်းတွေက မနှစ်သက်ဖွယ် တစ်ဖက်စောင်းနင်း ဇာတ်လမ်းတွေချည်းပါပဲ။ ဥပမာတစ်ခုဆိုရရင် ဈေးထဲမယ် အလေးခိုးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဈေးသည်နဲ့ ဈေးဝယ် ပြဿနာဖြစ်တယ်ပေါ့။ တစ်ဖက်နဲ့တစ်ဖက် ဈေးပြဿနာတွေရဲ့ ဖြစ်ရိုးအတိုင်း နင်ပဲငဆ အော်ကြီးဟစ်ကျယ် ဆဲကြ၊ ဆိုကြရင်း ကဲ၊ ဒီလောက်ဖြစ်လှတာ ကောင်မ နင်ဘုရားမှာ ကန်တော့ပွဲထိုး ကျိန်စာဆိုဝံ့သလားဆိုရော။ တစ်ဖက်ကလည်း ကဲ၊ သွားကြစို့ပေါ့။ ဘုရားကိုသွား အုန်းသီး၊ ငှက်ပျောသီး၊ အမွှေးတိုင်ဝယ် ကန်တော့ပွဲ လုပ်ကြပေါ့။ ဘုရားသွား ကန်တော့ပွဲ လုပ်ဆိုတာတွေမှာ သူ့ချည်းသက်သက် ကိုယ်တိုင်လုပ်လို့ရတာတွေတော့ မဟုတ်ဘူးဗျ။ အမြဲကန်တော့ပွဲထိုးပေး ဘုရားစာတိုင်ပေး စသဖြင့် ဘုရားလူကြီးလိုလူတွေ ရှိတယ်။ သူတို့ကပဲ ဘယ်ဆိုင်က အုန်းသီးဝယ်၊ ဘယ်ဆိုင်က ငှက်ပျောသီးဝယ်၊ အမွှေးတိုင်ဆိုရင် ဘာတံဆိပ်ပဲ စသဖြင့် အစစအရာရာ စီမံတာ။ ပြီးတော့ ဘုရားရှေ့မှာ ကန်တော့ပွဲချ၊ သူ ရှေ့က ရွတ်တာကို နောက်က လိုက်ဆိုပေါ့။ လုပ်ကြတော့ ဈေးဝယ်လား၊ ဈေးသည်လားတော့ မသိပါဘူး။ အမှားလုပ်မိတဲ့သူဟာ အိမ်တောင်ပြန်မရောက်ဘူး ဘုရားရှေ့တင် သွေးအန်သတဲ့။ ချက်ချင်း ပြန်တောင်းပန်လို့သာ အသက်မသေ ချမ်းသာရာရသတဲ့။ အဲဒီလိုတွေပေါ့ဗျာ။

ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်းတွေ တချို့ကလည်း ယုံတယ်ရယ်လို့ လုပ်ကြတာ မဟုတ်ပေမယ့် မိဘ စိတ်ချမ်းသာအောင် မယား စိတ်ချမ်းသာအောင် လုပ်ကြရသူတွေလည်း ရှိတာပေါ့။ ဘယ်လိုပဲလုပ်လုပ် ဒါကြီးက ယုတ္တိမတန် အတော်အပေါက်အလမ်းမတည့် တလွဲယုံကြည်မှုတွေ ဖြစ်နေတယ်ဆိုတာကိုတော့ သိဖို့ ကောင်းတာပေါ့ဗျာ။

ကျွန်တော့်သဘောထားက ဒီလိုရှိပါတယ်ဆိုတာကိုတောင် သူတို့ကတော့ မရ တစ်ဆင့်တက် တိုက်တွန်းကြပြန်တယ်။ မင်း၊ အခုတလော အလုပ်အကိုင်မကောင်းတာ ဘုရားသွား ပွဲထိုးလိုက်ပါလား။ အဆင်ပြေရင် နောက်တစ်ခါ ပွဲလာထိုးပါဦးမယ်ဆိုပြီး ကတိခံပေါ့။ မဖြစ်တော့လည်း ငါ့ကောင်ရာ ကန်တော့ပွဲလေးတစ်ပွဲ၊ နှစ်ပွဲဖိုးနဲ့တော့ မင်းမွဲမသွားပါဘူးတဲ့။ ဒီဘုရားက ဆုတောင်းပြည့်တယ်ဆိုတာ အလကား နာမည်ကြီးတယ် မင်းထင်နေသလားတဲ့။ တကယ် ဆုတောင်းပြည့်တာ မယုံရင် မင်းစမ်းကြည့်တဲ့။ ဘာပဲဖြစ်ဖြစ် ဒါ သူတို့ရဲ့ စေတနာစကားပါ။ ကျွန်တော်တော့ ဒီလိုပဲသဘောထားပါတယ်။

သူတို့ကို ဘာမှတော့ အထူးအထွေ ပြန်မပြောဖြစ်ပါဘူး။ ခနဲ့လိုက်၊ လှောင်လိုက်နဲ့ ကြာတော့ ခနဲ့သူ၊ လှောင်သူမှာတောင် စိတ်ဓာတ်ကျမိသလို ရှိလာတယ်။ အေးပေါ့၊ သူတို့ယုံကြည်မှုပေါ့။ ကိုယ်နဲ့ ဘာဆိုင်တာ မှတ်လို့လို့ပဲ တွေးရတယ်။ ဒါပေမဲ့ စိတ်ထဲမယ် တစ်ခုတော့လည်း ဘုကျကျ တွေးမိပါတယ်။ တခြားတော့လည်း မဟုတ်ပါဘူး။ ဘုရားရှေ့မယ် သီချင်းဆို တောင်းရမ်းနေကြတဲ့ အဘိုးအို၊ အမယ်အို မိသားစုနှယ် အ,ကြရန်ကောလို့ပေါ့။ ဒီလောက် တိုင်းပြည်တစ်ခွင် နာမည်ကြီး၊ တန်ခိုးကြီးလှတဲ့ ဘုရားရှေ့အထိ လာပြီးမှ တောင်းရမ်းစားသောက်နေကြရသလား။ ကန်တော့ပွဲလေး တစ်ပွဲဖိုးလောက်များ အကုန်အကျခံထိုးပြီး ဆုတောင်းလိုက်ပါတော့လားရယ်လို့ ကရုဏာဒေါသောဖြစ်မိတာပါပဲဗျာ။