ဖားကန့်ဒေသတွင် နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ဥရုချောင်း ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေဝင်နစ်မြုပ်

ဖားကန့်တွင် ရေကြီးနေသည်ကို တွေ့ရစဉ်

ဖားကန့်ဒေသတွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၃ ရက်တွင် ဥရုချောင်းရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းမှ စတင်ကာ ဥရုချောင်းရေလျှံတက်လာခြင်းဖြစ်ပြီး ဖားကန့်မြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်တို့တွင် ရေလွှမ်းမိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးက အထက်ပိုင်းမှာ တော်တော်လေး ရွာတယ်ထင်တယ်။ ဥရုချောင်းရေတက်လာတယ်။ ချောင်းရေကတော့ ညကတည်းက တဖြည်းဖြည်းတက်နေတာ။ မနက်ပိုင်းမှာမှ မြို့ထဲရေတွေဝင်လာတာ။ ခုညနေပိုင်းထိ ရေကမကျသေးဘူး။ ကျွန်တော်တို့ အိမ်အောက်ထပ်တော့ မြုပ်နေတယ်။ အပေါ်ထပ်မှာတော့ နေလို့ရသေးတယ်။ ရေကတော်တော်နဲ့မကျတာ စဉ်းစားစရာဖြစ်နေတယ်။ ချောင်းအောက်ပိုင်းမှာ ပိတ်ဆို့မှုတွေရှိနေလို့ထင်တယ်။ ချောင်းထဲမှာ ပိတ်တန်းတွေ လုပ်ထားရင်တော့ ရေကတော်တော်နဲ့ကျမှာမဟုတ်ဘူး” ဟု ဖားကန့်မြို့ခံတစ်ဦးဖြစ်သူ ဦးမျိုးဝင်းက ပြောကြားသည်။

လက်ရှိအခြေအနေအရ ဒေသအတွင်း ရွာသွန်းသည့်မိုးမှာ ပုံမှန်အားဖြင့် မြို့ပေါ်ရပ်ကွက်များ နှစ်မြုပ်ရလောက်အောင် မများသော်လည်း ချောင်းတွင်းမြေစာပိတ်ဆို့မှုများ ရှိနေသည့်အတွက် ရေကြီးရေလျှံမှု အလွယ်တကူဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဒေသခံများမှ သုံးသပ်မှုများရှိနေသည်။ မိုးရာသီကာလ ရပ်နားထားသော ကျောက်မျက်ကုမ္ပဏီလုပ်ငန်းများမှာလည်း ယခုနှစ်ရာသီချိန်တွင် လုပ်ငန်းများ ပြန်လည်စတင်နေကြပြီဖြစ်သည့်အတွက် အဆိုပါ ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းမှ ယာဉ်များသွားလာနိုင်ရန် မကြာသေးမီကပင် ဥရုချောင်းအတွင်း မြေစာများဖို့ကာ ဥရုချောင်းဖြတ်ကျော်လမ်းများ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

ဥရုချောင်း၏ အောက်ခြေပိုင်းတွင်လည်း မြေစာများဖို့၍ ရေကျော်လမ်း ဖောက်လုပ်မှုများရှိခဲ့သည့်အတွက် ယခုကဲ့သို့ အချိန်အခါမဟုတ် မိုးရွာသွန်းချိန်တွင် အဆိုပါရေကျော်လမ်းများမှာ ချောင်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု အလွယ်တကူဖြစ်ပေါ်စေသကဲ့သို့ ရေပြန်လည်ကျဆင်းရန်မှာလည်း ခက်ခဲလျက်ရှိကြောင်း သိရသည်။