ဖမ်းဆီးခံတောင်သူများ ပြန်လွှတ်ပေးရေးနှင့် မတရားစွပ်စွဲ တရားစွဲနေမှုများ ရပ်တန့်ရေး ပြင်ဦးလွင်မြို့တွင် ကျေးရွာပေါင်း ၂၀ ကျော်မှတောင်သူများ ဆန္ဒထုတ်ဖော်

ပြင်ဦးလွင်မြို့တွင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတောင်သူ ၃၀၀ ကျော် ခရိုင်တရားရုံးရှေ့မှ ဖြတ်လျှောက်ပြီး ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-မင်းသန့်)

ဖမ်းဆီးခံတောင်သူများ ပြန်လွှတ်ပေးရေး၊ မတရားစွပ်စွဲ တရားစွဲနေမှုများ ရပ်တန့်ရေးနှင့် သိမ်းဆည်းခံလယ်ယာမြေများတွင် လုပ်ကိုင်ခွင့် ပြန်လည်ရရှိရေးအတွက် ပြင်ဦးလွင်မြို့တွင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတောင်သူ ၃၀၀ ကျော်၏ ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို မန္တလေး-လားရှိုး ကားလမ်းနံဘေးရှိ ညံတောဘောလုံးကွင်းတွင် စုရပ်အဖြစ်သတ်မှတ်ပြီး ယင်းမှတစ်ဆင့် ဈေးလေးကွေ့မှ ခရိုင်တရားရုံးရှေ့ ဖြတ်သန်းကာ မြို့ပတ်လမ်းမှ ရုံးပေါင်းစုံအနီးသို့ စီတန်းလမ်းလျှောက်ပြီး ကြွေးကြော်ချက် ၁၃ ချက်ဖြင့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

တောင်သူလယ်သမားများကို မတရားစွပ်စွဲ တရားစွဲတင်နေမှု (ချက်ချင်းရပ်)၊ အကျဉ်းကျခံနေရသော တောင်သူလယ်သမားများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး တို့အရေး၊ ပြင်ဦးလွင်ခရိုင်အတွင်း ယိုယွင်းပျက်စီးနေသော အုပ်ချုပ်မှုယန္တရား အမြန်ဆုံးပြောင်းလဲပေးရေး၊ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး၊ ဥပဒေမဲ့ပုံစံ (၇) ထုတ်ပေးခဲ့သော တာဝန်ရှိ ခရိုင်၊ မြို့နယ် လယ်/စီအဖွဲ့ အလိုမရှိ၊ ခရိုနီအလိုမရှိ၊ ဝိသမ လောဘသားခရိုနီကို ကာကွယ်သူ ပြည်သူ့ရန်သူ၊ ပြင်ဦးလွင်ခရိုင် တရားဥပဒေစိုးမိုးရေး၊ တောင်သူလယ်သမား အရေးတော်ပုံ အောင်ရမည်စသည့် ကြွေးကြော်မှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သူ ကိုလင်းထင်စိုးက “မတရားသိမ်းဆည်းထားတဲ့ လယ်မြေတွေကို မှန်မှန်ကန်ကန်စိစစ်ပါ။ ဒီမြေတွေမှာ စီမံကိန်းအကောင်အထည်ဖော်ခြင်းမရှိဘဲ အစိုးရအဖွဲ့က ပြန်လည်စိစစ်ခြင်းလည်းမပြုဘူး။ အဲဒီလိုအခြေအနေမှာ တောင်သူတွေက လုပ်စားစရာမြေမရှိတော့၊ ဝင်ရောက်စိုက်ပျိုးတော့ တောင်သူလယ်သမားတွေကို ပုဒ်မအမျိုးမျိုးနဲ့တပ်ပြီး တရားစွဲဆိုလာတယ်။ ဒါကြောင့် အခုလိုလမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြရတာပါ။ ပြည်သူ့အစိုးရအနေနဲ့ အခုလိုလျစ်လျူရှုထားခဲ့ရင် တစ်ချိန်မှာ ပြည်သူရဲ့ဒဏ်ခတ်ခြင်းကို ပြန်ခံရပါလိမ့်မယ်” ဟုပြောကြားသည်။

“တောင်သူလယ်သမားတွေက လုပ်စားစရာလည်း မြေမရှိကြတော့ဘူး။ သူတို့က တရားရံုံးနဲ့ အိမ်၊ အိမ်နဲ့တရားရုံးဆိုသလို တရားစွဲဆိုခံနေကြရလို့ လုပ်စားချိန်လည်း မရှိတော့ဘူး။ ကျွန်တော်တို့ စေတလုံးကျေးရွာတစ်ရွာမှာတင် တရားစွဲခံနေကြရတဲ့ တောင်သူ ၁၀၀ လောက်ရှိတယ်” ဟု ပြင်ဦးလွင်မြို့နယ် စေတလုံးကျေးရွာမှ တောင်သူဦးမြင့်နိုင်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပြင်ဦးလွင်မြို့နယ် ၁၅ မြို့နယ်အတွင်းရှိ စေတလုံးကျေးရွာ၊ မိုးကြိုးစံပြကျေးရွာ၊ ရေငယ်၊ ကျင်ဂနိုင်၊ ဇီးပင်ကြီး၊ ပြင်စာ၊ ညောင်ထောက်၊ ထုံးဘို၊ ကံ့ကော်၊ ပေါက်တော၊ ဘန့်ဘွေးစသည့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတောင်သူများက ပြင်ဦးလွင်မြို့ပေါ်တွင် လှည့်လည်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ယင်းသို့ဆန္ဒထုတ်ဖော်မှု သုံးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုဆန္ဒထုတ်ဖော်မှုကို အစိုးရအဖွဲ့အနေဖြင့် လျစ်လျူရှုကာ ဆောင်ရွက်ပေးခြင်းမရှိပါက နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း တောင်သူများက ပြောကြားသည်။

“ကျွန်မတို့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဒီမြေယာအရေးကိစ္စတွေကို ဝန်ကြီးချုပ်အနေနဲ့ သူတစ်ယောက်တည်းနဲ့ ဖြေရှင်းဆောင်ရွက်မပေးနိုင်ဘူးလို့ ပြောသွားပါတယ်။ ဒါဟာ ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို နားမလည်လို့လား၊ ဒါမှမဟုတ် နားလည်လျက်သားနဲ့ မဖြေရှင်းပေးချင်တာလို့ မေးချင်ပါတယ်။ အဲဒီတော့ ဖြေရှင်းမပေးနိုင်ဘဲ ဘာကြောင့်တာဝန်ယူထားသလဲ၊ ပြင်ဦးလွင်မြို့နယ်မှာ မြေယာပြဿနာက အတော်ကြီးပါတယ်။ ဒါကြောင့် လယ်ယာမြေဥပဒေကို နားလည်တဲ့သူတွေကို မြင်စေချင်တယ်။ ရောက်စေချင်တယ်။ ဒါမှလည်း တောင်သူတွေ၊ ပြည်သူတွေ မိမိမြေပေါ်မှာ အာမခံချက်ရှိရှိနဲ့ နေထိုင်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြပွဲတွေ လုပ်နေရတာဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ထိန်းကျောင်းပေးတာမရှိလို့ ကျွန်မတို့တောင်သူတွေက အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်နေရတာပါ” ဟု ဇီးပင်ကြီးကျေးရွာမှ ဆန္ဒထုတ်ဖော်သူ ဒေါ်မေရီက ပြောကြားသည်။