ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နှေးကွေးသွားသည့်အတွက် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေး ပူးပေါင်းဆောင်ရွက်ကြရန် စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

(၁၃) ကြိမ်မြောက် မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနှေးကွေးသွားသည့်အတွက် မြန်မာနှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ပူးပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သည့် The 13th Joint Meeting of the Myanmar-Japan CCI Business Cooperation Committees တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နောက်ပိုင်း FDI စာရင်းများအရ မြန်မာနိုင်ငံတွင်စီးဝင်သည့် ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းငယ် နှေးကွေးလျက်ရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ မိမိတို့အနေနဲ့ ဂျပန်နိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အစဉ်တစိုက် အလေးထားလျက်ရှိကြောင်းလည်း တင်ပြလိုပါတယ်။ သို့ဖြစ်တဲ့အတွက် မြန်မာနဲ့ ဂျပန်နှစ်ဖက်စလုံးက ကိုယ်စားလှယ်များအနေနဲ့ မြန်မာနိုင်ငံသို့ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရေး ယခုအစည်းအဝေးကနေ ရှာဖွေဖော်ထုတ် အကောင်အထည်ဖော်နိုင်မယ်လို့လည်း ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ ဂျပန်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉၆ ခုအထိရှိရာ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၇၁၇ ဒသမ ၁၂၂ သန်း ခွင့်ပြုထားပြီးဖြစ်ကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်နိုင်ငံ၏ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၉ ဒသမ ၇၉၃ သန်းဖြစ်သဖြင့် ခုနစ်နှစ်တာကာလအတွင်း အမြင့်မားဆုံးပမာဏဖြစ်ကာ နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုကိုကြည့်ပါက တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှာ ဒုတိယနှင့် တတိယနေရာတွင်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အဓိကစိန်ခေါ်မှုမှာ အခြေခံအဆောက်အအုံ ဥပမာ- ဆိပ်ကမ်း၊ လမ်းတံတား၊ လျှပ်စစ် စသည်ဖြင့် ကောင်းစွာဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးပါဘူး။ ဒါကို အခြေခံအဆောက်အအုံကဏ္ဍ ပီပြင်စွာတိုးတက်လာဖို့အတွက် Infrastrycture PPP Institutional Framework ကိုဆောင်ရွက်နေတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ဟာ ပိုမိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။