သမုဒ္ဒရာလေ့လာမည့် ဂြိုဟ်တုလွှတ်တင်ရေးအတွက် ပြင်သစ်-တရုတ်တို့ ပထမဆုံးပူးပေါင်း

အောက်တိုဘာ ၂၀ ရက်က ပေကျင်းတွင် တရုတ်-ပြင်သစ် သမုဒ္ဒရာလေ့လာရေး ဂြိုဟ်တုစမ်းသပ် ပုံစံတစ်ခုအား တွေ့ရစဉ် (Photo: AFP)

တရုတ်နှင့်ပြင်သစ် အာကာသအေဂျင်စီတို့သည် ၎င်းတို့အချင်းချင်းပထမဆုံး ပူးပေါင်းလုပ်ဆောင်ထားသည့် ဂြိုဟ်တုတစ်လုံးကို အောက်တိုဘာ ၂၀ ရက်က ပေကျင်း၌ ထုတ်ဖော်ပြသခဲ့သည်။ ထိုဂြိုဟ်တုအား သမုဒ္ဒရာအတွင်းမှ မုန်တိုင်းများ၊ ဆိုင်ကလုန်းများနှင့် ပတ်သက်၍ ခန့်မှန်းရာ၌ တိုးတက်လာစေရေးအတွက် အသုံးပြုမည်ဖြစ်သည်။

CFOSAT (တရုတ်-ပြင်သစ် သမုဒ္ဒရာဗေဒဆိုင်ရာ ဂြိုဟ်တု) ဟုအမည်ပေးထားသည့် ထိုဂြိုဟ်တုကို လာမည့်နှစ်၏ ဒုတိယနှစ်ဝက်တွင် တရုတ်၏ Long March စီမံကိန်းထဲမှ ဒုံးပျံတစ်စင်းဖြင့် ကမ္ဘာပတ်လမ်းထဲသို့ လွှတ်တင်မည်ဖြစ်သည်။ သုံးနှစ်ကြာ ဂြိုဟ်တုစီမံကိန်းအတွင်း ကနဦးအနေဖြင့် လေနှင့်သမုဒ္ဒရာလှိုင်း ပုံစံများနှင့်ပတ်သက်ပြီး လေ့လာရာတွင် အသုံးပြုမည်ဟု သိရသည်။ သိပ္ပံပညာရှင်တို့၏ ပြောကြားချက်အရ သမုဒ္ဒရာများနှင့် ကမ္ဘာ့လေထုကြားမှ ဆက်နွှယ်မှုကို နားလည်ခြင်းသည် ရာသီဥတုဖောက်ပြန်မှုများကို တိုက်ဖျက်ခြင်း၊ ပုံစံထုတ်ခြင်းတို့တွင် အကူအညီဖြစ်စေမည်ဟု သိရသည်။ ယခုဂြိုဟ်တုတွင် ရေဒါနှစ်ခုပါဝင်မည်ဖြစ်ပြီး တစ်ခုကို သမုဒ္ဒရာလှိုင်းများ၏ အရှည်နှင့်လားရာကို တိုင်းတာရန် ပြင်သစ်က ဒီဇိုင်းထွင်ထားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လေ၏ပြင်းအားနှင့် လားရာကိုဗဟိုပြုရန် တရုတ်က တီထွင်ထားခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုသည် ပြင်သစ်နှင့်တရုတ်တို့ ပထမဆုံး ပူးတွဲတည်ဆောက်သည့် ဂြိုဟ်တုလည်းဖြစ်သည်။ ထိုဂြိုဟ်တုစီမံကိန်းအား ကနဦးက ပြင်သစ်နှင့် ဥရောပအာကာသ အေဂျင်စီများကြား၌ ပူးပေါင်းလုပ်ဆောင်လိမ့်မည်ဟု မျှော်မှန်းထားခဲ့သည်။