မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သီးနှံစုံစိုက်ခင်းဧက ၁၅၀၀၀ ကျော် ပျက်စီးပြီး ကျပ်သိန်း ၁၄၀၀၀ ကျော် ဆုံးရှုံးခဲ့

မန္တလေးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုကြောင့် နစ်မြုပ်ပျက်စီးခဲ့သော စိုက်ခင်းအချို့အား တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဧရာဝတီမြစ်ရေကြီးခြင်း၊ ချောင်းရေ၊ မြောင်းရေလျှံခြင်းတို့ကြောင့် သီးနှံစုံစိုက်ခင်းဧက ၁၅၀၀၀ ကျော် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ်သိန်း ၁၄၀၀၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဧရာဝတီမြစ်ရေတက်ခြင်း၊ ချောင်းရေ၊ မြောင်းရေလျှံခြင်းတို့ကြောင်း သီးနှံများရေကြီးနစ်မြုပ် ပျက်စီးမှုမှာ ယခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၅ ရက်အထိ ပျက်စီးမှု ၁၀၆၆၀ ဒသမ ၄၄ ဧကရှိခဲ့ပြီး သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ပျက်စီးမှု ၄၅၆၁ ဧကရှိကာ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ရေမြုပ်ပျက်စီးဧကစုစုပေါင်းမှာ ၁၅၂၂၁ ဧကရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကြိုင်က ပြောကြားသည်။

“မန္တလေးတိုင်းမှာ မြို့နယ်ပေါင်း ၁၀ မြို့နယ်လောက်မှာ ရေနစ်ပြီးတော့ အများဆုံး ပျက်စီးတာကတော့ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်မှာ နွေနှမ်းနဲ့ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်က မိုးစပါးက အများဆုံး ပျက်စီးပါတယ်။ စဉ့်ကိုင်မှာပျက်တဲ့ နွေနှမ်း ဧကက ၉၅၈၁ ဧကကတော့ အကုန်လုံးမိုးစပါး ပြန်လည်စိုက်ပြီးပါပြီ။ မိုးမှာပျက်တဲ့ ဧက ၁၀၆၆၀ လောက်ပျက်တဲ့အထဲမှာ တစ်သောင်းကျော်လောက်က လုံး၀ ပြန်လည်စိုက်ပျိုးပြီးပါပြီ။ နောက်ပိုင်းမိုးနှောင်းပိုင်းမှာပျက်တဲ့ ဧရာဝတီမြစ်ရေတက်တာတို့ မြောင်းရေလျှံတာတို့ ချောင်းရေလျှံတာတို့ကြောင့်ပျက်တဲ့ သီးနှံတွေထဲကမှ ဧက ၄၅၀၀ လောက်က ပြန်လည် စိုက်ပြီးပါပြီ။ အစားထိုး ပြန်စိုက်ပြီးပါပြီ။ မိုးစပါးပြန်စိုက်တာပါ။ ကျန်တဲ့ ဧကတွေလည်းစိုက်ဖို့ အစီအစဉ်နဲ့ ထယ်ရေးပြင် ပြီးပါပြီ” ၎င်းက ပြောကြားသည်။

ဧပြီ ၁ ရက်မှ သြဂုတ် ၁၅ ရက်အထိ ရေမြုပ်ပျက်စီးသည့် ၁၀၆၆၀ ဒသမ ၄၄ ဧကကို မျိုးစပါးနှင့် ဓာတ်မြေသြဇများ ထောက်ပံပေးခဲ့ကြောင်း၊ သြဂုတ် ၁၅ ရက်မှ စက်တင်ဘာလ ၂၆ ရက်အထိ ထပ်မံရေမြုပ်ပျက်စီးဧက ၄၅၆၁ ဧကကိုလည်းမျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့ရန် ကျန်ရှိဧက မှာ ၃၆၁ ဧကသာကျန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်နယ်မြို့နယ်မှ သီးနှံစုံစိုက်ခင်း ၄၅၈၁ ဧကရေနစ်မြုပ်မှု ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။