တောမြို့မြစ်ဆိပ်

အောင်လံမြို့ရှိ လှေဆိပ်ကို အောက်တိုဘာ ဒုတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာဦး)

ခေတ်ကြီးက နာကျင်မှုအတိဖြင့် စီးဆင်းနေသည်။ မြစ်ကလည်း မောပန်းခြင်း အပြည့်ဖြင့် စီးဆင်းနေသည်။ ထိုခေတ်နှင့် မြစ်ကို ကျောခင်း ဆက်သွယ်ထားသော တောမြို့ မြစ်ဆိပ်လေးကတော့ သူ၏အရိပ်တွင် သင်္ဘောများကို အနားယူစေရင်း တိမ်များကို ငေးကြည့်နေသည်။ မြစ်ဆိပ်လေးတွင် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၏ အသံများက မြစ်ရေစီးသံနှင့်အတူ လေထဲတွင် လွင့်ပျံ့နေသည်။
ကုန်ထမ်းသမားများ၏ ချွေးစက်တို့က မြစ်နှင့်အပြိုင် စီးဆင်းနေသည်။

မြစ်ဆိပ်လေး၏ ရှင်သန်ခြင်းက ရွာမှလာသည့် စက်လှေများပေါ်တွင် ပါလာသော ရွာသူရွာသားများ၏ အဆင်ပြေခြင်းများပေါ်တွင် မူတည်နေ၏။ ဆန်ဈေး၊ စပါးဈေး ကောင်းသောနှစ်များတွင် မြစ်ဆိပ်လေးတွင် ရယ်မောသံများကို အမြဲမပြတ်ကြားရ၏။ စပါးဈေးနှင့် ဆန်ဈေးကျသောနှစ်များ၊ ရာသီဥတု ဖောက်ပြန်၍ လယ်များ ပျက်စီးသောနှစ်များတွင် မြစ်ဆိပ်လေးတွင် ညည်းညူသံများကို ကြားရပြန်သည်။ မြစ်ဆိပ်လေးကတော့ ငိုကြွေးနေသော တောင်သူများကို နှစ်သိမ့်ပေးရန် လေနုအေးများကို ခေါ်ဆောင်ထား၏။

တောင်သူများ ပျော်ရွှင်ရယ်မောရသော အချိန်များတွင်လည်း စက်လှေများရှိ အင်ဂျင်စက်သံများဖြင့် ပျော်ရွှင်ခြင်းများကို စည်းချက်လိုက်ပေး၏။ မြစ်ဆိပ်လေးကတော့ သူအမြဲသီဆိုသော “ရုန်းကန်နေသောလူများ”သီချင်းကို အဆက်မပြတ် သီဆိုနေသည်။

ခေါင်းလောင်းငယ်လေးများကို တီးကာ “ရေခဲထုပ်ရမယ်၊ ရေခဲထုပ်” ဟု အော်ဟစ်ကာ ရေခဲထုပ်ရောင်းသော ကလေးများကို မြစ်ဆိပ်လေး ကျောင်းထားပေးချင်သည်။ ငုံးဥပြုတ်၊ ကြက်ဥပြုတ် ရောင်းသော ဈေးသည်မလေးကို လှပသစ်လွင်သော အဝတ်အစားများ ဆင်ပေးချင်သည်။ ကုန်ထမ်းသမားများ၏ အစာအိမ်တွင် ဆာလောင်မှု မရောက်ရှိစေရန် ပြုလုပ်ပေးချင်သည်။ တာဝန်ကျေစပါး မပေးသွင်းနိုင်၍ ပြဿနာတက်ခဲ့ရသော တောင်သူများကိုလည်း မြစ်ဆိပ်လေး ဒီအတိုင်း ကြည့်နေခဲ့ရဖူးသည်။ ယခုအခါတွင်တော့ စိုက်ဘဏ်အကြွေး မဆပ်နိုင်၍ ပြဿနာတက်နေသော တောင်သူများကို မြစ်ဆိပ်လေး ကြည့်နေရပြန်သည်။

ရွာတွင် အထက်တန်းကျောင်း မရှိ၍ ကျောင်းဆက် မတက်ရတော့ဘဲ လယ်ယာလုပ်ငန်းထဲသို့ ရောက်သွားရရှာသော ရွာသားလူငယ် တစ်ဦး၏ ရင်ဖွင့်သံကိုလည်း မြစ်ဆိပ်လေး နားထောင်ဖူးသည်။ ငါးဖမ်းပိုက်ထောင်ရင်း မြစ်ထဲ ပြုတ်ကျသွားသော ရေလုပ်သားတစ်ဦး၏ ရုပ်အလောင်းကိုလည်း မြစ်ဆိပ်လေး ဖက်ငိုခဲ့ရဖူးသည်။ မြွေကိုက်ခံရကာ ဆေးရုံသို့လာရင်း သေဆုံးသွားသော လယ်သူရင်းငှား တစ်ဦး၏ ခြေထောက်ကိုလည်း မြစ်ဆိပ်လေး မြင်တွေ့ခဲ့ရဖူးသည်။ မြစ်ဆိပ်လေးတွင် ပုံပြင်များရှိသည်။ ထိုလွမ်းဆွေးရင် နာစရာပုံပြင်များကို မြစ်ဆိပ်လေး သိမ်းဆည်းထားသည်မှာ နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သည်။

ခေတ်မီ နည်းပညာများက နေရာဒေသတိုင်းကို အဆက်မပြတ် ရိုက်ခတ်နေ၏။ ထို့ကြောင့် နည်းပညာလှိုင်းများကြားတွင် မြစ်ဆိပ်လေးသို့ လာရောက်ရသော ကုန်ထမ်းသမားများ၊ ရွာသူရွာသားများ၊ ဈေးသည်များလည်း မျောပါကြရ၏။ လက်ကိုင်ဖုန်းလေးများ ကိုယ်စီဖြင့် သက်ဆိုင်သူများထံသို့ သတင်းစကားများ ပါးကြ၏။ သို့ရာတွင် လွန်လေခဲ့သော နှစ်များဆီကအတိုင်း အဆင်မပြေခြင်း ဆိုသော စကားလုံးကို ပြောဆိုနေတုန်း ဖြစ်သည်။ ရွာမှ ဈေးဝယ်လာသော သူများ၏ “စားကုန်သောက်ကုန်တွေကလည်း ဈေးတက်လိုက်တာ။ မှာတဲ့ဟာတွေ အကုန်မပါဘူး”ဟု ရွာရှိ အိမ်သားများထံ ဖုန်းဆက် ပြောဆိုသံများကလည်း နေ့စဉ်နေ့တိုင်း မြစ်ဆိပ်လေးရှိ ရွာပြန်စက်လှေများထံက ထွက်ပေါ်နေသော စကားလုံးများ ဖြစ်သည်။ ရွာပြန်စက်လှေများပေါ်တွင် ခေတ်ကြီး၏ ဒုက္ခများ၊ ခေတ်ကြီး၏ အမောများ လိုက်ပါသွားသည်ကို မြစ်ဆိပ်လေး မလိုလားချေ။

ခေတ်မီ လူအသုံးအဆောင် ပစ္စည်းများ၊ အရည်အသွေး ကောင်းသော လယ်ယာသုံး ပစ္စည်းများနှင့် ကျောင်းသား လူငယ်များအတွက် ကျောင်းသား အသုံးအဆောင်များကိုသာ ရွာပြန်စက်လှေများပေါ်သို့ မြစ်ဆိပ်လေး တင်ပေးလိုက်ချင်သည်။ သို့သော် မြစ်ဆိပ်လေး၏ ဆန္ဒသည် ဆန္ဒအဖြစ်သာ ရှိနေဆဲဖြစ်သည်။

ထိုသို့သော နာကျင်စရာများ မြစ်ဆိပ်လေး၌ များပြားနေသော်လည်း ကြည်နူးပျော်ရွှင်ခြင်းများ မြစ်ဆိပ်လေးဆီသို့ လာရောက် ဆိုက်ကပ်ချိန်လည်း ရှိ၏။ နံနက်ခင်း နေရောင်အောက်တွင် ရွာများမှ လာသော စက်လှေများ၌ မြို့လေးရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ လိုက်ပါလာပြီး မြစ်ဆိပ်လေးအပေါ်သို့ ဆင်းသက်နေချိန်သည် မြစ်ဆိပ်လေး ကြည်နူး ဝမ်းသာရသောအချိန် ဖြစ်သည်။ သစ်လွင် တောက်ပြောင်ခြင်း မရှိသော်လည်း သန့်ရှင်းနေသော အဖြူအစိမ်းကျောင်းဝတ်စုံများဖြင့် ကျောင်းသားကျောင်းသူလေးများ၏ ရယ်မောသံ၊ အချင်းချင်း နောက်ပြောင်သံများ၊ ကျောင်းစာအကြောင်း ပြောဆိုသံများက မြစ်ဆိပ်လေးကို အားအင်များ ဖြစ်ပေါ်စေသည်။

ထို့အတူ ငါးဖမ်းစက်လှေများ မြစ်ဆိပ်လေးသို့ ဆိုက်ကပ်လာချိန်တွင် ငါးဖမ်းစက်လှေ အလုပ်သမားများ၏ ဇနီးသားသမီးများက အော်ဟစ်ကြိုဆို နှုတ်ဆက်သံများက မြစ်ဆိပ်လေးကို ကြည်နူးမှုဖြစ်စေသည်။ မြစ်ဆိပ်လေးတွင် ဈေးရောင်းချသူများ၏ အိမ်အပြန်တွင် မိသားစုအတွက် အမြတ်ငွေများများ ပါသွားသောအခါများတွင်လည်း မြစ်ဆိပ်လေးမှာ ဝမ်းသာပီတိ ဖြစ်ရသည်။

အာဏာပိုင် အဆက်ဆက်၏ ခြေထောက်များသည်လည်း မြစ်ဆိပ်လေးကို နင်းဖြတ်၍ တောရွာများသို့ သွားရောက်ရန် စက်လှေများ၊ သင်္ဘောများပေါ်သို့ တက်ခဲ့ကြသည်။ ထိုသူများနှင့် မပတ်သက်ချင်သော မြစ်ဆိပ်လေးသည် အသက်ကို အောင့်ကာ မသိချင်ယောင် ဆောင်နေတတ်၏။ ထိုသူများသည် မြစ်ဆိပ်လေးသို့ အမြဲလာနေသူများကဲ့သို့ မဟုတ်ဘဲ ရွှံ့အနည်းငယ် ပေမည်ကိုလည်း စိုးရိမ်တတ်ကြသည်။ မြစ်ရေအနည်းငယ် စိုမည်ကိုလည်း လန့်တတ်ကြသည်။ မြို့ကြီးပြကြီးမှ ရောက်လာသော လူအချို့သည်လည်း ထိုအုပ်စိုးသူ လူတန်းစားနှင့် အတူတူပင်ဖြစ်သည်။ ကုန်ထမ်းသမား အလုပ်သမားများ၏ ချွေးစိုနေသော အဝတ်အစားနှင့် ၎င်းတို့၏ အဝတ်အစားများ ထိမိသည်ကိုလည်း မနှစ်သက်သက်ကြချေ။ ထိုသူများကို မြစ်ဆိပ်လေး မချစ်ခင်ပေ။ ထိုသူများ၏ ဟန်ဆောင် နေထိုင်တတ်မှုကို မြစ်ဆိပ်လေး ရွံ့မုန်း၏။ ထိုသူများကလည်း မြစ်ဆိပ်လေးသို့ ခဏတာ လာရောက်သူများသာ ဖြစ်သည်။ မြစ်ဆိပ်လေးသည် ဖြူစင်ရိုးသားသူ၊ ဆင်းရဲသော်လည်း ဖြောင့်မတ်သူများဖြင့်သာ အတူရှင်သန် ပျော်ရွှင်လိုသူ ဖြစ်သည်။

မြစ်ဆိပ်လေးထံသို့ လာသူက လာကြဦးမည် ဖြစ်သည်။ မြစ်ဆိပ်လေးထံမှ သွားသူက သွားကြဦးမည် ဖြစ်သည်။ မြစ်ဆိပ်လေးပေါ်သို့ အမြဲဖြတ်သန်းနေကြသော လူများ၌ ကောင်းမွန်သော လူမှုဘဝများ မရောက်ရှိမီ သူ ပျောက်ကွယ် ပျက်စီးသွားရမည်ကိုတော့ မြစ်ဆိပ်လေး အလွန်စိုးရိမ်၏။ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော မြစ်ဆိပ်လေးသည် နွေဦးမနက်ခင်းများကိုလည်း ဖြတ်သန်းဖူးသည်။ မိုးသက်မုန်တိုင်းများကိုလည်း ရင်ဆိုင်ဖူးသည်။ ခေတ်ဆက်ဆက် အဖြစ်ဆိုးများ၏ ရိုက်ခတ်မှုများကြောင့် မြစ်ဆိပ်လေးတွင် ဒဏ်ရာအမာရွတ်များ များပြားနေပြီ ဖြစ်သည်။ ဒဏ်ရာ အမာရွတ်များကို ပွတ်သပ်ရင်း ခြေဖဝါးကြမ်းကြမ်းများ၏ ဘဝအမောများ အနည်းငယ်ပြေပျောက်အောင် မြစ်ဆိပ်လေး ကူညီချင်သည်။ မြစ်ဆိပ်လေးပေါ်သို့ အမြဲဖြတ်သန်းနေသော လူများတွင် ကောင်းမွန်သော လူမှုဘဝများ ရောက်ရှိမည့်အချိန်သည် မည်သည့်ခေတ်ကာလ၊ မည်သည့်အချိန် ဖြစ်သည်ကိုတော့ မြစ်ဆိပ်လေး မခန့်မှန်းတတ်ပေ။ ထိုမခန့်မှန်းတတ်မှုများကလည်း မြစ်ဆိပ်လေးရှေ့တွင် စီးဆင်းနေသော မြစ်ရေများနှင့်အတူ မျောပါမသွားသည်မှာလည်း အသေအချာပင် ဖြစ်သည်။