လွတ်လပ်သော လူ့အဖွဲ့အစည်း၌ တာဝန်ယူမှု၏ အခန်းကဏ္ဍ

လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ်၌ တာဝန်ယူမှု၏ အခန်းကဏ္ဍကို စဉ်းစားသည့်အခါ လွတ်လပ်မှုမရှိသော လူ့အဖွဲ့အစည်း၏ တစ်ရပ်အကြောင်း ပုံဖော်ကြည့်ရမည် ဖြစ်သည်။ ရှေးပဝေသဏီကတည်းက စာရေးဆရာများသည် ယင်းကဲ့သို့သော လူ့အဖွဲ့အစည်းမျိုးကို ပုံကြမ်းရေးဆွဲခဲ့ကြသည်။ ပလေတို၊ သောမတ်မိုးနှင့် အလယ်ခေတ်ဘုန်းတော်ကြီး ကမ်ပါနဲလားတို့ ပုံဖော်ခဲ့ကြသည့် စိတ်ကူးယဉ် လူ့အဖွဲ့အစည်းများသည် ကျယ်ပြန့်သည့် ပုံကြမ်းသရုပ်ဖော်ချက်အရ အတူတူပင်ဖြစ်ကြသည်။ ပိုင်ဆိုင်မှုများကို ဘုံအဖြစ်ထားမည်၊ လိုအပ်ချက်အရ တရားသူကြီးများက ခွဲဝေပေးမည်၊ ကလေးများကို စုပေါင်း မွေးမြူမည်၊ အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်ခွင့်မရှိ၊ ပညာရေးလွတ်လပ်ခွင့် မရှိ၊ လူ့အဖွဲ့အစည်းထဲသို့ ဝင်ရန် သို့မဟုတ် ထွက်ရန် လွတ်လပ်ခွင့် မရှိဟူ၍ဖြစ်သည်။ ယင်းတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို တားမြစ်ပိတ်ပင် ထားခြင်းဖြစ်သောကြောင့် တာဝန်ယူမှုဟူသည့် အသိစိတ် ဖွံ့ဖြိုးလာပါမည်လားဟူသည့် အချက်က မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်။ သို့သော် ရှေးလူများသည် ယင်းစိတ်ကူးယဉ်လောကကို အပျော်ဖတ်အဖြစ် သို့မဟုတ် ဒဿနိကဆိုင်ရာ ထပ်ဟပ်ချက်အဖြစ်သာ သဘောထားခဲ့ကြဟန်တူသည်။

ရှေးခေတ် စိတ်ကူးယဉ်လောကအမြင်နှင့် ခေတ်သစ်၌ပေါ်ထွန်းလာသော မာ့က်စ်ဝါဒတို့ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ကားလ်မာ့က်စ်သည် ရှေးခေတ်စိတ်ကူးယဉ်လောက အမြင်အမျိုးအစားနှင့် အလွန်ကွဲပြားခြားနားစွာ ရှုမြင်ခဲ့ခြင်းဖြစ်သည်။ မာ့က်စ်သည် စိတ်တွင်းရှိ အတွေ့အကြုံမျိုးဖြင့် တည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးပလက်ဖောင်းတစ်ရပ်အဖြစ် ချဉ်းကပ်ခဲ့သောကြောင့်ဖြစ်သည်။ သူ၏ ရာစုနှစ်အတွင်း ထိတ်လန့်တုန်လှုပ်ဖွယ် အကြွင်းမဲ့အာဏာရှင်များနှင့်ပတ်သက်သော ကြေကွဲဖွယ် အတွေ့အကြုံများကြောင့် ကားမာ့က်စ်၏ ပန်းတိုင်သည် စိတ်ကူးယဉ်မဟုတ်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လွတ်လပ်မှု အဆုံးသတ်သွားခြင်းသည် တာဝန်ယူမှု အဆုံးသတ်သွားခြင်းဖြစ်သည်။ တာဝန်ယူမှု အဆုံးသတ်သွားခြင်းသည် ယဉ်ကျေးမှု နိဂုံးချုပ်သွားခြင်းဖြစ်သည်။

လူ့အဖွဲ့အစည်း၏ အမြဲတစေ ကျယ်ပြန့်လာနေသော ကဏ္ဍများအတွက် တာဝန်ယူမှုကို လက်ခံလိုက်ခြင်းအားဖြင့် အစိုးရဟူသည် လူ့အဖွဲ့အစည်းအတွင်းရှိ ကျန်လူများကို တာဝန်ယူမှု လျော့နည်းသွားစေသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းကို တာဝန်ယူမှုပိုရှိအောင် ပြုလုပ်ပါက အစိုးရ၏ ပြည်သူများအပေါ် ထိန်းချုပ်မှု လျော့နည်းစေမည်ဖြစ်သည်။ လူမှုပြဿနာများကို ပိုမိုအောင်မြင်စွာ ဖြေရှင်းနိုင်ရန်အတွက် အာဏာကိုသုံးစွဲခြင်းထက် ပိုမိုကောင်းမွန်သောအရာမှာ လွတ်လပ်မှု၏တန်ဖိုးနှင့် လွတ်လပ်ရန်အတွက် မရှိမဖြစ် လိုအပ်သော တာဝန်ယူမှုကို နားလည်သဘောပေါက်စေခြင်းသာဖြစ်သည်။

လွတ်လပ်မှုနှင့် တာဝန်ယူမှုအကြောင်း အသိဉာဏ်ရှိစွာ ဆွေးနွေးနိုင်ရန်အတွက် လူမှုရေးဆိုင်ရာ ဆက်ဆံရေးများ၌ အတင်းအကျပ်ပြုမှု၏ အခန်းကဏ္ဍကို စစ်ဆေးရန်လိုသည်။ အစိုးရက တာဝန်ယူထားသည့် သို့မဟုတ် အစိုးရကို တာဝန်ယူခွင့်ပြုထားသည့် အတိုင်းအတာပမာဏနှင့် ယခင်က အရပ်ဘက် လူ့အဖွဲ့အစည်းကဏ္ဍအောက်၌ ရှိခဲ့သည့် ပြည်သူတို့၏ ဘဝနှင့်ဆိုင်သော နယ်ပယ်များ၌ တာဝန်ယူမှု အတိုင်းအတာပမာဏတို့ကို စစ်ဆေးကြည့်ရမည်ဖြစ်သည်။ အစိုးရ၏ ပုံမှန်တာဝန်များဖြစ်သော နိုင်ငံတော်လုံခြုံရေး ဥပဒေအမိန့်များ ပြဋ္ဌာန်းရေး၊ ပြည်သူတို့၏ စည်းစိမ်ကို ကာကွယ်ပေးရေးနှင့် အရေးအကြီးဆုံးအဖြစ် ပြည်သူတို့၏ဘဝကို ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို စိစစ်လေ့လာခြင်းမှာ ကောင်းမွန်သည့်အရာဖြစ်သည်။ သို့သော် အစိုးရဟူသည် လိုအပ်သော အင်စတီကျူးရှင်းတစ်ရပ်ဟု ဆိုခြင်းသည် ကျင့်ဝတ်အရ မူလဘူတကျသောအရာဟု ဆိုခြင်းမဟုတ်ပါ။ ပြည်သူများအနေဖြင့် ပါဝင်အားထုတ်မှုမရှိဘဲ သာယာဝပြောသော လူ့အဖွဲ့အစည်းကို ရရှိနိုင်မည်မဟုတ်ပါ။ သို့သော် လွတ်လပ်ခွင့်ကို ပြန်လည်ရယူရန်အတွက် တာဝန်ယူမှုကို ပိုမိုနားလည် သဘောပေါက်ရမည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ပိုမိုတာဝန်ယူမှုရှိမှသာ ပိုမိုလွတ်လပ်သော လူ့အဖွဲ့အစည်းဖြစ်ရန် လမ်းကြောင်းဆီသို့ ဦးတည်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်