ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ချင်းပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းနှင့် အလယ်ပိုင်းဒေသတို့တွင် နောက်သုံးရက်ခန့် မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ချင်းပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတို့တွင် နောက်သုံးရက်ခန့် မိုးကြီးနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“မိုးကတော့ ဒီမုန်တိုင်းငယ် အရှိန်ကြောင့် နှစ်ရက်သုံးလေးရက်လောက် မိုးရနိုင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမုန်တိုင်းက ဒီနေ့ည သို့မဟုတ် မနက်ဖြန်လောက်မှာ ကမ်းကပ်တဲ့အချိန်မှာ သူ့ဆီကနေ တိမ်တိုက်တွေ ကွဲထွက်လာမယ်။ ကွဲထွက်လာတဲ့ တိမ်တိုက်တွေက ရခိုင်ကမ်းရိုးတန်းကတစ်ဆင့် ချင်းဘက်ထဲကိုရောက်မယ်။ အဲဒီဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်။ မြန်မာနိုင်ငံ တောင်ပိုင်းတွေကတော့ မိုးအများကြီး မရနိုင်ဘူး။ အဓိက,ကတော့ ရခိုင်နဲ့ ချင်းပဲ မိုးများနိုင်တယ်။ ပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတို့ မိုးရနိုင်တယ်။ အောက်တိုဘာလကုန်လောက်အထိ မိုးရနိုင်တဲ့ အခြေအနေတွေ ရှိသေးတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်း ရွာသွန်းခဲ့ကြောင်း၊ မှတ်သားဖွယ်ရာမိုးရေချိန် အနေဖြင့် ဟိုင်းကြီးကျွန်းတွင် ၅ ဒသမ ၉၈ လက်မအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။

မုန်တိုင်းငယ်၏ အခြေအနေသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သာ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၂၀ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရွာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။