ဆည်တော်ကြီးရေလှောင်တမံမှ ရေပိုထုတ်လွှတ်မှုကြောင့် မတ္တရာမြို့နယ်အတွင်း မိုးစပါးနှင့် ကွမ်းခြံများ ဧကထောင်ချီ ရေနစ်မြုပ်

မတ္တရာမြို့နယ် ဇီးဖြူကုန်းရွာတွင် ကွမ်းခြံများရေဝင်နစ်မြုပ် ပျက်စီးနေသည်ကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက် နံနက် ၆ နာရီမှစတင်ကာ ဆည်တော်ကြီးရေလှောင်တမံ ရေပိုထုတ်လွှတ်မှုကြောင့် မတ္တရာမြို့နယ်အတွင်း မိုးစပါးနှင့် ကွမ်းခြံများ ဧကထောင်ချီရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ရေပိုလွှဲထုတ်မှုကြောင့် အထက်တောင် ကိုင်းကျေးရွာအုပ်စုတွင် မိုးစပါး ၄၁၅ ဧက၊ သပြေသာတွင် ၂၈၅ ဧက၊ မြစ်ကမ်းတွင် ၁၆၀ ဧက၊ ဂွေးပင်တွင် ၇၀ ဧက၊ ဆိပ်သာတွင် ၄၄၇ ဧက၊ ကျောင်းကုန်းတွင် ၂၃၀ ဧက၊ ကျောက်စရစ်ကုန်း (တောင်) တွင် ၃၆၀ ဧက၊ ကံကုန်းတွင် ၁၄၃ ဧက၊ ကံဘဲ့တွင် ၁၁ ဧက၊ စုစုပေါင်းဧက ၁၈၀၀ နီးပါး (၁၇၉၇) acre ရေနစ်မြုပ်လျက်ရှိကြောင်း မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးထံမှ သိရသည်။

“အခုစာရင်းက လောလောဆယ် ရေမြုပ်နေတဲ့ မိုးစပါး acre စာရင်းပါ။ သီးနှံပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကတော့ ရေတွေပြန်ကျသွားမှ တွက်ချက်ကောက်ယူရမှာ ဖြစ်ပါတယ်။ ကွမ်းခြံတွေကတော့ ရေနစ်မြုပ်တာရှိပေမယ့် စာရင်းကောက်ယူထားတာတော့ မရှိပါဘူး” ဟု မတ္တရာမြို့နယ် ထွေအုပ်ရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုတစ်ကြိမ် ရေမြုပ်သည်မှာ ၂၀၁၇ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ကိုးလပိုင်းကလည်း ရေကြီးမှုကြောင့် ကွမ်းခြံများရေမြုပ်ပျက်စီးခဲ့ရပြီး ယခုရေကြီးမှုမှာ အဆိုးဆုံးဖြစ်ကြောင်း ဇီးပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ပြောကြားသည်။

“ကျွန်တော်သိသလောက် စာရင်းပြောရရင် စကားပင်အုပ်စု၊ ဂွေးပင်၊ စလေ၊ အထက်တောင်ကိုင်း၊ ဆိပ်သာ၊ ကျောင်းကုန်း၊ ဇီးဖြူကုန်း၊ သပြေသာ ၁၊ ဝန်စု စတဲ့ကျေးရွာအုပ်စုတွေ အကုန်ရေဝင်ပါတယ်။ ကိုးလပိုင်း ရေကြီးတုန်းက ရေကြီးလို့ ကွမ်းခြံတွေ ပျက်စီးကုန်တာကို ပြန်စိုက်ထားတာ မကြာသေးဘူး။ အခုရေထပ်ကြီးတော့ ကျွန်တော်တို့ ကွမ်းတောင်သူတွေရဲ့ဆုံးရှုံးမှုက တော်တော်များပါတယ်။ ကျွန်တော်တို့ရွာတစ်ရွာတည်းမှာ ကွမ်းခြံ ၂၀၀ လောက် ရေမြုပ်ဆုံးရှုံးခဲ့ပါတယ်။ ကွမ်းခြံတစ်ခြံရဲ့ လက်ရှိသွင်းအားစုစရိတ်က အနိမ့်ဆုံး ၁၅ သိန်း ရှိပါတယ်။ တခြားစိုက်ထားတဲ့သီးနှံတွေ ငှက်ပျောတို့၊ ပဲတို့လည်း ပျက်စီးကုန်ပါတယ်။ မိုးရာသီကုန်ပြီဆိုပြီး ရွာချင်းဆက်လမ်းကို ပြန်ပြင်လိုက်တာ အခု ရေတိုက်စားလို့ လမ်းအစိတ်အပိုင်းအများစု ပါသွားသလို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးနဲ့နီးတဲ့ အိမ်သုံးလုံးလည်း ဖျက်ရွှေ့လိုက်ရပါတယ်။ ကျောင်းတွေလည်း အခုထိ ပိတ်ထားရပါတယ်။ ဆည်တော်ကြီးက ရေကိုစိုးရိမ်ရေမှတ်ရောက်မှ အလုံးအရင်းနဲ့ မလွှတ်ဘဲ ဖြည်းဖြည်းချင်းလွှတ်ပေးမှသာ နောင်ဒါမျိုးဆုံးရှုံးမှုတွေ မကြုံရမှာဖြစ်ပါတယ်” ဟု ဦးကျော်လင်းက ပြောကြားသည်။

ရေပိုထုတ်မှုကြောင့် မတ္တရာမြို့နယ်အတွင်း ကျေးရွာများရေကြီးရေလျှံဖြစ်ကာ အိမ်ထောင်စု ၅၆၀၊ လူဦးရေ ၁၃၂၈ ဦးတို့ နီးစပ်ရာဆွေမျိုးအိမ်များ၊ ဆည်ဘောင်များဘေးတွင် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျေးရွာများရှိစိုက်ခင်းများအတွင်း ဝင်ရောက်နေသော ဆည်ရေများ တဖြည်းဖြည်း ကျဆင်းလျက်ရှိပြီဖြစ်သော်လည်း ရွာချင်းဆက်လမ်းများ ပျက်စီးနေသောကြောင့် စက်လှေဖြင့်သာ သွားရောက်နေကြသည်ကို တွေ့ရသည်။