ဆိုမာလီယာ၏ လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုကြီးအတွင်း သေဆုံးသူ ၂၇၆ ဦးအထိ မြင့်တက်လာပြီး ၃၀၀ ဒဏ်ရာရရှိခဲ့

အောက်တိုဘာ ၁၅ ရက်က မိုဂါဒစ်ရှူးမြို့လယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ဆိုမာလီယာနိုင်ငံ၏ မြို့တော်မိုဂါဒစ်ရှူးရှိ လူစည်ကားသော ဈေးဝယ်ရပ်ကွက်တစ်ခုအတွင်း အလွန်အားပြင်းသည့် ထရပ်ကားဗုံးကြီးတစ်လုံး ပေါက်ကွဲခဲ့ရာလူ ၂၇၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀၀ ကျော်ဒဏ်ရာရရှိသွားသည်ဟု အစိုးရက အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဗုံးကွဲမှုသည် စစ်ဒဏ်ခံနေရသော ဆိုမာလီယာတွင် ဖြစ်ပွားသည့် လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့သည်။

အောက်တိုဘာ ၁၄ ရက်ကဖြစ်ပွားခဲ့သော ထိုဗုံးကွဲမှုကြီးကြောင့် ဆိုမာလီယာ၏ မြို့တော်တစ်ဝန်းတွင် ပျက်စီးဆုံးရှုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားခဲ့သည်။ ဗုံးကွဲမှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် သေဆုံးသူ ၂၀ ဝန်းကျင်ရှိသည်ဟု ရဲများကထုတ်ပြန်ခဲ့ပြီးမှ ယခုကဲ့သို့ သေဆုံးသူဦးရေများစွာ ထပ်မံခုန်တက်သွားခြင်းဖြစ်သည်။ ‘သေဆုံးသူ ၂၇၆ ဦးရှိတယ်လို့ ဆိုမာလီယာ ဖက်ဒရယ်အစိုးရက အတည်ပြုထားပါတယ်။ ဒဏ်ရာရသူ ၃၀၀ ခန့်ကို မိုဂါဒစ်ရှူးမြို့အနှံ့မှာရှိတဲ့ ဆေးရုံအသီးသီးကို တင်ထားပါတယ်’ ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ပြီး လာမည့်ရက်များအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝမ်းနည်းကြေကွဲခြင်း ရက်သတ်မှတ်ခြင်း၊ သေဆုံးဒဏ်ရာရသွားသူများအတွက် ဆုတောင်းခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ ဗုံးကွဲမှုအတွင်း သေဆုံးသူများအနက် အများအပြားသည် မှတ်မိနိုင်ခြင်းမရှိနိုင်လောက်အောင် မီးလောင်ကျွမ်းသွားကြသည်ဟု ရဲအရာရှိ အီဘရာဟင်မိုဟာမက်က ပြောကြားခဲ့ပြီး လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုကြီးဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်သူမရှိသေးပေ။ သို့သော် အယ်ကေးဒါးတို့နှင့် မဟာမိတ်ဖွဲ့ထားသည့် ရှာဘတ်စစ်သွေးကြွအဖွဲ့ကမူ နိုင်ငံတကာက ဝိုင်းဝန်းထောက်ပံ့ထားသော ဆိုမာလီအစိုးရကို ဖြုတ်ချရေးအတွက် နိုင်ငံထဲ၌ အသေခံဗုံးခွဲမှု ဒါဇင်ပေါင်းများစွာကို လုပ်ဆောင်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်က ဗုံးခွဲတိုက်ခိုက်မှုကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ တူရကီနှင့် အာဖရိကသမဂ္ဂတို့အပါအဝင် ကမ္ဘာတစ်ဝန်းက ဝိုင်းဝန်းပြစ်တင်ခဲ့သည်။ တူရကီက ဆေးဘက်ဆိုင်ရာ အကူအညီများပေးရန် လေယာဉ်များစေလွှတ်ထားပြီး ဒဏ်ရာရသူများကို တူရကီသို့ခေါ်ဆောင်ကာ ဆေးကုသပေးမည်ဟု တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်၏ ပြောခွင့်ရပုဂ္ဂိုလ် အီဘရာဟင်ကယ်လင်က ပြောကြားခဲ့သည်။ တူရကီသည် ဆိုမာလီယာအား ကူညီထောက်ပံ့မှုများ၊ ရင်းနှီးမြှုပ်နှံမှုများအား အများဆုံးလုပ်ဆောင်ပေးသည် နိုင်ငံလည်းဖြစ်သည်။

ယခုပေါက်ကွဲမှုသည် ဈေးဆိုင်များ၊ ဟိုတယ်များ၊ စီးပွားရေးလုပ်ငန်း အများအပြားရှိသည့် လူစည်ကားသော ဟိုဒန်ရပ်ကွက်ရှိ လမ်းဆုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားစဉ်က ထိုနေရာတွင် လူရာနှင့်ချီရှိနေခဲ့ကြောင်း သိရသည်။ ဆိုမာလီယာ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့သည် အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ရာထူးမှနုတ်ထွက်ပြီး နှစ်ရက်အကြာတွင် ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။