၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၈၀ ကျော် ဝင်ရောက်ထားပြီး လက်ရှိအချိန်အထိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာရှိ

တရုတ်-မြန်မာနယ်စပ်အနီးတွင် စပါးရိတ်သိမ်းနေသူများအား တွေ့ရစဉ်

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၈၀ ကျော် ဝင်ရောက်ထားပြီး လက်ရှိအချိန်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၃၀ ဒသမ ၂၀၇ သန်း ဝင်ရောက်ထားသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄ ဒသမ ၃၅၁ သန်းဝင်ရောက်ခဲ့သည်။

ယင်းနောက် ငါးနှစ်ဆက်တိုက် ဝင်ရောက်ခဲ့ခြင်းမရှိဘဲ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၃၈ ဒသမ ၇၅၀ သန်းဝင်ရောက်ကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခြင်းမရှိခဲ့ပေ။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၉ ဒသမ ၆၅၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂၆၉ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁၈၀ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်းမရှိပေ။

စိုက်ပျိုးရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ရန် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများရှိပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လုပ်ကိုင်ခွင့်အမြန်ဆုံး ချထားပေးမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဦးစားပေးမြှင့်တင်သွားမည့် ကဏ္ဍများတွင် စိုက်ပျိုးရေးကဏ္ဍပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရုံနှင့် မလုံလောက်သဖြင့် သွင်းအားစုများ၊ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ချေးငွေထုတ်ချေးပေးရန် စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးကို စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ထို့ပြင် ဈေးကွက်ယှဉ်ပြိုင်နိုင်သော အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် အခြေခံစက်ရုံများ ဖွံ့ဖြိုးလာရေး၊ လယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် မျိုးစေ့ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွားသာမက နိုင်ငံတော်အတွက် လယ်ယာထွက်ကုန်ဈေးကွက် ဖော်ဆောင်နိုင်ရေးကဏ္ဍကိုပါ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆက်လက်ပြောကြားသည်။