ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် အဓိကလုပ်ငန်းစဉ်ကြီး သုံးရပ်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် အောက်တိုဘာ ၁၂ ရက် ညပိုင်းက ပြည်သူများထံသို့ တိုက်ရိုက် ပြောကြားစဉ်

ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် အဖြစ်အပျက်များအား ဖြေရှင်းရန် လုပ်ငန်းစဉ်သုံးရပ်နှင့် ပါဝင်ကူညီ လုပ်ဆောင်ရမည့် အခြေအနေများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် အောက်တိုဘာ ၁၂ ရက် ညပိုင်းက ပြည်သူများထံသို့ တိုက်ရိုက် ပြောဆိုမှာကြားခဲ့သည်။

မှာကြားချက် ပထမတွင် နိုင်ငံ၏လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ နားလည်မှုအပြည့်အဝ၊ စည်းစည်းလုံးလုံးနှင့် လက်ရှိအစိုးရကို ဝန်းရံပေးကြသည့်အတွက် ပြည်သူများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပြည်သူများ၏ ယုံကြည်မှု၊ ညီညွတ်မှုမှာ မည်သည့်အင်အားနှင့်မျှ နှိုင်းယှဉ်၍မရကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရမှုမှစတင်ပြီး လက်ရှိ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ထပ်မံဖြစ်ပွားခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဆက်လက်ကြီးထွားလာရသည့် ပြဿနာများအပေါ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အာရုံစိုက်မှုများသည် များစွာကြီးမားလာခဲ့ကြောင်း၊ နိုင်ငံတော်အပေါ် ဝေဖန်မှုများလည်း များပြားခဲ့ကြောင်း၊ နိုင်ငံတကာ၏ အမြင်သဘောတရားများအား သိရှိနားလည်ရန် လိုအပ်ကြောင်း ပြည်သူများထံသို့ ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ အခြေအနေအား ပြည်တွင်းမှ ပြည်သူပြည်သားများလောက် မည်သူမျှမသိနိုင်သလို နိုင်ငံတော်၏ အေးချမ်းသာယာ ဖွံ့ဖြိုးရေးကိုလည်း ပြည်သူပြည်သားများလောက် မည်သူကမျှမလိုလားနိုင်ကြောင်း၊ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများကိုလည်း ပြည်သူများ၏ စုပေါင်းအင်အားများဖြင့် အဓိကထား၍ ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် လုပ်ဆောင်စရာရှိသည့်ကိစ္စရပ်များကို မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ထိထိရောက်ရောက် လုပ်ကိုင်နေရန် အရေးကြီးကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် လုပ်ကိုင်မည်ဟု ပြောဆိုထားသည့် လုပ်ငန်းများ၊ လုပ်သင့်သည်ဟု ခံယူထားသည့်လုပ်ငန်းများကို တိုးတက်အောင်မြင်ရန် ဆောင်ရွက်သွားမည်ဟု ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိကြုံတွေ့နေရသည့် အဖြစ်အပျက်များအား ဖြေရှင်းရန် လုပ်ငန်းစဉ်သုံးရပ်ကို ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းစဉ် သုံးရပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဝေဖန်ချက်တွေ တုံ့ပြန်ချက်တွေကို စကားနဲ့ချေပနေတာထက် လက်တွေ့လုပ်ဆောင်ချက်တွေ၊ တိုးတက်မှု ရလဒ်တွေကို ပြသသွားဖို့ ကျွန်မတို့လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေက အများကြီးဖြစ်ပါတယ်။ ဦးစားပေးလုပ်ငန်းစဉ်တွေ ပြန်စိစစ်လိုက်မယ်ဆိုရင် အဓိကလုပ်ငန်းစဉ် သုံးခုရှိပါတယ်။ ပထမကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေးဖြစ်ပါတယ်။ ဒုတိယကတော့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဖြစ်ပါတယ်။ တတိယကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ပဲ ဖြစ်ပါတယ်။ လူသားချင်းစာနာ ကူညီထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့ လက်ရှိအနေအထားကို ထပ်မံမြှင့်တင်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ သက်ဆိုင်တဲ့အစိုးရနဲ့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျွန်မတို့နှစ်နိုင်ငံကြား ညှိနှိုင်းပြီး လက်ခံရေးဆောင်ရွက်ခဲ့တာ နှစ်ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီအစဉ်အလာကောင်းတွေကို အခြေခံပြီး တတိယအကြိမ်မြောက် ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်အောင်လို့ ကျွန်မတို့ ကြိုးပမ်းနေပါတယ်။ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့်သူတွေအတွက်သာမက ဒိုင်းနက်၊ မြို အစရှိတဲ့ဌာနေတိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ တိုင်းရင်းသားတွေအတွက် မူလအနေအထားကို ပြန်လည်ရောက်ရှိအောင် မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည်တည်တံ့ခိုင်မြဲမဲ့ စီမံကိန်းကို ကျွန်မတို့အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ နောင်အစဉ်အဆက် ပဋိပက္ခတွေ ကင်းဝေးစေဖို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးရေးကိုလည်း ရေရှည်စီမံကိန်းတွေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အရေးအား လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုချင်းမှာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အများအပြားရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအား ကူညီဆောင်ရွက်ပေးရန် ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ NGO များနှင့် CSO များက တတ်နိုင်သရွေ့ ပါဝင်ဆောင်ရွက်ပေးရန် တင်ပြထားမှုများရှိကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်းများကလည်း ပါဝင်ဆောင်ရွက်ပေးရန် ဆန္ဒပြုထားမှုများရှိသည့်အတွက် အစိုးရအနေဖြင့် အဆိုပါကမ်းလှမ်းချက်များကို အလေးအနက်ထား စဉ်းစားသုံးသပ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ယခုပြောကြားခဲ့သည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်းပြည်ပ အဖွဲ့အစည်း စုံလင်စွာပါဝင်နိုင်မှု၊ ကဏ္ဍစုံ၊ အလွှာစုံ ပါဝင်နိုင်မှု၊ လုပ်ငန်းအလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်သွားမည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံလုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူပြည်သားများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGO များ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ယန္တရားတစ်ခုဖော်ဆောင်ရေး လိုအပ်ပါတယ်။ ဒီယန္တရားကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းလို့အမည်ပေးထားပြီး နိုင်ငံတော်အစိုးရနဲ့အတူ ပြည်တွင်းပြည်ပနိုင်ငံ အဖွဲ့အစည်းအစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ၊ အလွှာစုံ ပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ကျွန်မက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူသွားမှာဖြစ်ပြီး သူက ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့ဥက္ကဋ္ဌလည်းဖြစ်လို့ ရခိုင်ပြည်နယ်အတွက် ရေတိုရေရှည်လိုအပ်ချက် လုပ်ငန်းပေါင်းစုံကို ထိရောက်စွာ ကျွန်မတို့နဲ့အတူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ World Bank နှင့် ADB စသည့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ Nippon Foundation ကဲ့သို့ INGO အဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများပါဝင်ကြရန် ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား “ကျွန်မတို့ အဓိကအားကိုးနေတာကတော့ ပြည်ထောင်စုရဲ့ သားသမီးတွေပါပဲ။ ပြည်တွင်းသာမက ကမ္ဘာဘယ်အရပ်ကိုပဲ ရောက်နေပါစေ မိခင်နိုင်ငံပေါ်မှာ မေတ္တာသစ္စာစောင့်စည်းကာ စိတ်ကောင်းစေတနာနဲ့ ဝန်းရံကူညီကြလိမ့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အားမကြီးမားပေမယ့် စိတ်အင်အားစုစည်းပြီး အောင်မြင်မှုရယူနိုင်လိမ့်မယ်ဆိုတာ သံသယ မရှိပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ သဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးကမ်းရာမှာတော့ ကမ္ဘာနံပါတ်တစ်လို့တောင် သတ်မှတ်ချင်းခံရပါတယ်။ ဒီသဒ္ဓါစိတ်တွေကို စည်းစနစ်နဲ့ သေချာစွာ ပြည်ထောင်စုအကျိုးအတွက် ကျွန်မတို့သုံးစွဲကြရမှာပါ” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ပြည်ထောင်စုကြီး အေးချမ်းသာယာတိုးတက်ဖွံ့ဖြိုးစေဖို့ အကြီးမားဆုံး အင်အားဖြစ်တဲ့ ပြည်သူတွေဟာ ဘယ်လိုပဲ ဒေါသတွေ၊ အမုန်းတရားတွေ၊ အနိုင်ကျင့်မှုတွေ ရင်ဆိုင်နေရပါစေ မေတ္တာ၊ ကရုဏာ၊ မုဒိတာကို စွဲစွဲမြဲမြဲကိုင်ပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှာပါ။ နိုင်ငံရဲ့ ပထဝီဒေသတစ်နေရာအတွက်သာ လုပ်နေတာမဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံးအတွက် လုပ်နေတာဆိုတဲ့ စိတ်ဓာတ်နဲ့ ရခိုင်ပြည်တွင်း လူသားချင်းကူညီစာနာမှု ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းအောင်မြင်ဖို့အတွက် ခိုင်မြဲစွာလက်တွဲပြီး လုပ်သွားကြပါစို့” ဟု မှာကြားပြောကြားခဲ့သည်။

မည်သည့်နည်းဖြင့်ကူညီနိုင်မည်၊ မည်သို့ဆက်သွယ်၍ လုပ်ဆောင်နိုင်မည့်အရာများကို Website နှင့်တကွ နိုင်ငံတော်သတင်း မီဒီယာများတွင် အောက်တိုဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့မှစတင်၍ ကြေညာမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရောက်ရှိနေသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သားသမီးများနှင့် နိုင်ငံတော်အပေါ် စေတနာထားကြသည့်မိတ်ဆွေများ အနေဖြင့် အနီးဆုံးမြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပါဝင်ကူညီနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။