ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအနီး ပင်းချောင်းကမ်းပါးပြိုမှုကြောင့် နေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရ

ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအနီး ပင်းချောင်းကမ်းပါးပြိုမှုအား ကာကွယ်မှုလုပ်ဆောင်နေကြသည်ကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပင်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာအနီး အိမ်ခြေ ၄၀၀ ခန့်ရှိ ပင်းဝကျေးရွာတွင် ပင်းချောင်းကမ်းပါးပြိုမှုကြောင့် စိုက်ပျိုးမြေဧက ၂၀ ကျော် ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် လုပ်အားပေး၍ နေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်းအတွင်း အောက်တိုဘာ ၁ ရက်မှ ၆ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ မိုးရက်ဆက်ရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်း ချောင်းအများစုတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေတည် စီးဆင်းသည့် ပင်းချောင်းတွင်လည်း နေ့စဉ် ချောင်းရေပြည့်လာခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် ပင်းချောင်းနှင့် ဧရာဝတီမြစ်ပေါင်းဆုံရာအနီး ချောင်း၏ ဝဲဘက်ခြမ်းတွင် ယခင်နှစ်များကလည်း ချောင်းရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ်းပြိုမှုကြောင့် ပင်းဝကျေးရွာမှ စိုက်ပျိုးမြေဧက ၅၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထိုကမ်းပြိုသည့်နေရာတွင် တိုင်း မြစ်ချောင်းဖြိုးဌာနက ၂၀၁၆ ခုနှစ်က မျောတိုင်ရေကာများ တည်ဆောက်ပေးခဲ့ကြောင်း၊ အောက်တိုဘာ ၄ ရက်မှစ၍ ထိုရေကာများ၏အောက်ဘက်မှစ၍ ရေတိုက်စားမှုကြောင့် ပင်းဝကျေးရွာမှ နေအိမ်လေးလုံးကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ကမ်းပြိုမှုကို ယာယီကာကွယ်နိုင်ရန် ယင်းကျေးရွာရှိ သက်ကြီးရွယ်အိုများမှလွဲ၍ ကလေးငယ်များပါ လုပ်အားပေးနေရကြောင်း သိရသည်။

“ကမ်းက တဖြည်းဖြည်းပြိုနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ အခုက ပြန်ပြီးတော့ ထိန်းထားတဲ့ ရေကာတွေ ပေါက်ပြီးတော့ အိမ်ထောင်စု လေးအိမ်ကို အရေးပေါ်အန္တရာယ် ဖြစ်လာလို့ ညတွင်းချင်း ဆွဲဖျက်လိုက်ရတယ်။ စိုက်ပျိုးမြေတွေလည်း မျောပါတာရှိပြီး ဘယ်လိုမှ လုပ်လို့ မရတော့ပါဘူး။ ကျေးရွာကလည်း ရှိသမျှထွက်ပြီး အားနဲ့အင်နဲ့ လုပ်နေပါတယ်။ သို့သော်လည်းပဲ ရေတိုက်စားမှုအားက များနေတော့ ကျေးရွာက အားသွန်ခွန်စိုက်အားနဲ့လုပ်လို့မနိုင်ပါဘူး” ဟု ပင်းဝကျေးရွာမှ ဦးစိန်သန်းက ပြောကြားသည်။

ပင်းဝကျေးရွာမှ အသက် ၆၅ နှစ်ရှိ ဦးသိန်းဝင်းက “အရင်က ကမ်းပြိုခဲ့တာက ကျေးရွာနဲ့ဝေးပါတယ်။ အခုကျတော့ ကျေးရွာနဲ့ လူနေအိမ်တွေနဲ့ ကပ်လာပြီ။ ရွာကို ထိပါးလာပြီ။ အရင်တုန်းကတော့ လုပ်စားကျက်မြေ၊ ကိုင်းမြေတွေ ပါကုန်တယ်။ လက်ရှိအနေအထားကတော့ ရွာထိရောက်လာပြီ။ ရွာကလည်း တတ်နိုင်သမျှတော့ လုပ်နေပါတယ်။ သို့သော် ကျေးရွာအနေအထားနဲ့ မနိုင်ပါဘူး။ နိုင်ငံတော်ကနေပြီး လုပ်ပေးတော့မှ အဆင်ပြေမှာပါ။ အဲဒီလိုမဟုတ်ရင် အိမ်တွေ ထပ်ရွှေ့ရမှာ သေချာပါတယ်”ဟု ပြောကြားသည်။

ပင်းဝကျေးရွာမှ ကမ်းပြိုပျက်စီးခဲ့သည့် မြေများသည် ငရုတ်၊ ကြက်သွန်၊ မြေပဲ၊ စပါး စသည့်သီးနှံများ စိုက်ပျိုးသည့်မြေများဖြစ်ကြောင်း၊ အောက်တိုဘာ ၇ ရက်အထိ နေအိမ်လေးလုံး ပြောင်းရွှေ့ထားရပြီး ကမ်းပြိုမှုနှင့် အနီးဆုံးနေအိမ်များကို ထပ်မံရွှေ့ပြောင်းလျက်ရှိကြောင်း ကမ်းပြိုသည့်နေရာသို့ မြစ်ကြောင်းဖြိုးဌာနမှ တာဝန်ရှိသူများနှင့် ရေနံချောင်းမြို့မှ လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာလျက်ရှိပြီး ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။