မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများ ဖော်ဆောင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပင်ရင်းများအထိ ဖြိုခွင်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ပြောကြား

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများ ဖော်ဆောင်ကာ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပင်ရင်းများအထိ ဖြိုခွင်းနိုင်အောင် ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်အောင်ဝင်းဦးက ပြောကြားသည်။

(၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်အောင်ဝင်းဦးက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အခြေအနေတွေကိုကြည့်ရင် စိတ်ကြွရူးသွပ်ဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါး အမြောက်အမြား စံချိန်တင် ဖမ်းဆီးရမိမှုတွေ မကြာခဏ တွေ့မြင်နေရမှုများကြောင့်  ထုတ်လုပ်မှု မြင့်တက်နေတာကို လက်ခံမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ် ဖော်ဆောင်ပြီး မူးယစ်ဆေးဝါး အန္တရာယ်များနေတဲ့ ဒေသတွေကို သတ်မှတ်ရွေးချယ် အလေးထား ဖော်ထုတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ပင်ရင်းများအထိကိုပါ ဖြိုခွင်းနိုင်အောင် ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်အောင်ဝင်းဦးက ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု လျှော့ချရေးကို အလေးထားဆောင်ရွက်ခဲ့၍ ဘိန်းစိုက်ပျိုးမှု ကျဆင်းလာခဲ့ပေမယ့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သယ်ဆောင် ဖြန့်ဖြူးမှုတွေ မြင့်မားလာမှုကြောင့် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အဓိကဖြစ်တဲ့ အစပျိုးဓာတုပစ္စည်းများ ရရှိမှု ကာကွယ်ရေးကိုလည်း အလေးထား ကြိုးပမ်းသွားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တားဆီးနှိမ်နင်းရေးနဲ့ တရားစီရင်ရေး မဟာဗျူဟာ တစ်ခုတည်းကိုသာ အသုံးချ၍ မရတော့ဘဲ အခြားစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း တွေ့ရသည့်အတွက် မူးယစ်ဗဟိုအဖွဲ့အနေနဲ့ အစိုးရ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး၊ မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အဓိက ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းတာဝန်များကိုလည်း တိုင်းဒေသကြီး ပြည်နယ်များအတွင်း ဖြစ်ပွားသည့် မှုခင်းများအပေါ် မူတည်ပြီး မိမိဒေသနှင့် ကိုက်ညီသည့် စီမံချက်များရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်အောင်ဝင်းဦးက ပြောကြားသည်။

ထူးခြားမှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတို့တွင် Command Center များ တည်ဆောက်ပြီး ပြည်သူလူထုလုံခြုံရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။