ဆိုင်ကယ်ခိုးမှု တရားခံကို ဖမ်းမိရာမှ စစ်ဆေးရာ လူသတ်မှု အပါအဝင် နောက်ထပ် အမှုခြောက်မှု ထပ်မံ ပေါ်ပေါက်

မကွေးတိုင်း၊ ပခုက္ကူမြို့မ ရဲစခန်းတွင် ဆိုင်ကယ်ခိုးပြီး လာရောင်းသော မသင်္ကာ တရားခံတစ်ဦးအား ဖမ်းဆီးစစ်ဆေးရာမှ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟဲဟိုးတွင် လူသတ်၍ ကားကိုခိုးသော အမှုနှင့် တောင်ကြီးမြို့တွင် ကားကို ခိုးယူထွက်ပြေးသော အမှု အပါအဝင် အမှုပေါင်း ငါးမှု ထပ်မံပေါ်ပေါက်ပြီး၊ စုစုပေါင်း အမှုခြောက်မှုဖြင့် ပခုက္ကူမြို့မရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သြဂုတ် ၁၉ ရက်တွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ခိုးလာသော ဆိုင်ကယ်ကို လာရောင်းချိန်တွင် လူမှုကွန်ရက်တွင် သတင်းပေးထားသော ဆိုင်ကယ်နှင့် ဆင်တူနေသဖြင့် ခေါ်ယူစစ်ဆေး မေးမြန်းကြည့်ရာမှ နောက်ဆက်တွဲ လူသတ်မှု အပါအဝင် အမှုတွဲပေါင်း စုစုပေါင်း ခြောက်မှု ထပ်မံ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ၂ နာရီလောက်မှာ မိထားတဲ့ တရားခံက ဆိုင်ကယ်တစ်စီး လာရောင်းတယ်။ လူမှုကွန်ရက်မှာ အဲဒီဆိုင်ကယ်နဲ့ ပတ်သက်ပြီးတော့ သတင်းပေးထားတာရှိတယ်။ အဲဒါနဲ့ အဲဒီဆိုင်ကယ် လာရောင်းတော့ ခရိုင်မှူးနဲ့ စခန်းနဲ့ပေါင်းပြီး ခေါ်စစ်တာပေါ့။ အဲဒီဆိုင်ကယ်ကို စစ်လိုက်တော့ ဒိုက်ဦးက လိမ်လာတဲ့ ဆိုင်ကယ် ဖြစ်နေတယ်။ ဒိုက်ဦးစခန်းကို လှမ်းဆက်သွယ်တော့ သြဂုတ် ၁ ရက်က ၄၂၀ နဲ့ အမှုဖွင့်ထားတာ ရှိနေတယ်။ ထပ်စစ်တော့ နောက်ထပ် အမှု ငါးမှု လတ်တလော ပေါ်ပေါက်တာပေါ့။ လတ်တလောနော် ထပ်မစစ်ရသေးဘူး။ တောင်ကြီးက လိုက်ထရပ်တစ်စီးကို ငှားလာပြီးတော့ တောင်ကြီးမှာ ထားခဲ့ပြီးတော့ ကားကို လိမ်သွားတာပေါ့။ အမှုတစ်မှု ပေါ်တယ်။ နောက်တစ်ခါ ဟဲဟိုးမှာ ပ ၃၂/၂၀၁၆ ပေါ့” ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးနိုင်က ပြောကြားသည်။

ကလောမြို့နယ်၊ ဟဲဟိုးတွင် ပထမ သတင်းပေး တိုင်ကြားခြင်း အမှတ် (ပ) ၃၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ အမှုမှ တရားခံဟု သိရပြီး၊ နောက်တစ်မှုမှာ တောင်ကြီးမြို့မ ရဲစခန်း (ပ) ၂၃၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ၊ အမှုမှ တရားခံပြေးဟု သိရပြီး၊ အဆိုပါ တရားခံဖြစ်သူ မောင်ဇင်(ခ) ကျော်ဇင်ထက်(ခ) ကိုသူ(ခ)ဖိုးသိန်း(ခ) မောင်သိန်း(ခ) တင်မင်းသန်း (၃၃)နှစ် ကျပန်းလုပ်ကိုင်သူကို ပခုက္ကူ ရဲစခန်းတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး စိုးထွန်းဝင်းက ပြောကြားသည်။