မြန်မာ့ရိုးရာ သင်ဖျူးဖျာ လုပ်ငန်းရှင်များ အနေဖြင့် လုပ်သား ရှားပါးခြင်း၊ ရင်းနှီးငွေ မလုံလောက်ခြင်းတို့ကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲလာ

ဧရာဝတီတိုင်း ပန်းတနော်မြို့မှ သင်ဖျူးဖျာလုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

မြန်မာ့ရိုးရာ သင်ဖျူးဖျာ လုပ်ငန်းရှင်များ အနေဖြင့် လုပ်သား ရှားပါးလာခြင်း၊ ရင်းနှီးငွေ မလုံလောက်ခြင်း၊ ကုန်ကြမ်းရှားပါးလာခြင်းများကြောင့် လုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲမှုများ ရှိလာပြီး အစိုးရအနေဖြင့် သင်ဖျူးဖျာ လုပ်ငန်းရှင်များကို ကူညီထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ပန်းတနော် သင်ဖျူးဖျာ လုပ်ငန်းရှင်များထံမှ သိရသည်။

သင်ဖျူးဖျာ လုပ်ငန်းတွင် ကျွမ်းကျင်လုပ်သားများ နည်းပါးလာပြီး လုပ်သားအများစုမှာ ငွေကြေးပိုမိုရရှိသည့် စားသောက်ဆိုင်လုပ်ငန်းများ၊ စက်ရုံများတွင် ပြောင်းရွှေ့လုပ်ကိုင်ကြလျက်ရှိကြောင်း၊ အဓိကကုန်ကြမ်းဖြစ်သည့် သင်အူများမှာလည်း ဈေးနှုန်းများ မြင့်တက်နေပြီး လိုအပ်သည့် ကုန်ကြမ်းအရေအတွက် ပြည့်မီအောင် ရရှိနိုင်ခြင်း မရှိကြောင်း၊ နိုင်ငံတကာမှ မြန်မာ့ရိုးရာ သင်ဖျူးဖျာများအား မှာယူမှုများ ရှိနေသော်လည်း ရင်းနှီးမတည်ငွေ မလုံလောက်ခြင်းများကြောင့် လုပ်ငန်းများ ချဲ့ထွင်ရန် အခက်အခဲများ ဖြစ်ပေါ်နေပြီး နိုင်ငံတော် အစိုးရမှ ချေးငွေများ ထောက်ပံ့ခြင်း နည်းပညာများ ထောက်ပံ့ကူညီခြင်းများ လုပ်ဆောင်ပေးရန်လိုကြောင်း သင်ဖျူးဖျာ လုပ်ငန်းရှင်များက ဆိုသည်။

“သင်ဖျူးအညွန့်တွေ နိုင်ငံခြားက ကြိုက်တယ်။ ဝယ်သုံးကြတယ်။ အခုက အလုပ်သမားက ရှားသွားပြီလေ။ အလုပ်သမား ရှားသွားတော့ ကျွန်မတို့ အလုပ်သမား အခက်အခဲတွေ ရှိတာပေါ့။ အခုက အလုပ်သမားတွေက လုပ်ခတွေက ပိုပေးရတယ်။ ပိုမပေးရင် အလုပ်သမားတွေက မိသားစု အခက်အခဲလည်း ရှိတော့ လုပ်ခတွေကိုလည်း ပိုပေးရတယ်။ လုပ်ခတွေ ပိုပေးတာတောင်မှ အလုပ်သမားတွေက အရမ်းရှားတယ်။ ကျွန်မတို့ အခု အလုပ်လုပ်တယ်ဆိုတာ ကိုယ့်အားကိုယ်ကိုးပြီးတော့ မိရိုးဖလာအဖြစ် လုပ်ကြတာ ဘယ်သူမှ ပံ့ပိုးတယ်ဆိုတာလည်း မရှိဘူး။ အစိုးရက ကျွန်မတို့ သင်ဖျူးဖျာတွေကို တစ်ခါမှ ထောက်ပံ့ကူညီပေးတယ်ဆို မရှိဘူး။ အခုဆို ကုန်ကြမ်းကလည်း အရမ်းရှားလာပြီးတော့ ကုန်ကြမ်းဈေးကလည်း တက်လာတယ်။ အရင်ကဆို ကုန်ကြမ်းဈေးက ဘာမှ သိပ်မရှိဘူး။ ဒီနှစ်ဆို အရင်နှစ်တွေနဲ့ မတူဘူး။ ဒီနှစ်မိုးတွင်း အရောင်းအဝယ်က တော်တော်ကို ပါးသွားတယ်။ အရင်နှစ်တွေနဲ့ မတူဘူး” ဟု ပန်းတနော်မြို့ရှိ မိဘမေတ္တာ သင်ဖျူးဖျာ လုပ်ငန်းမှ ဒေါ်မြအေးက ပြောကြားသည်။

ယခုနောက်ပိုင်းတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ဈေးနှုန်းချိုသာသော ကျန်းမာရေးဖျာဆိုသည့် အိပ်ရာခင်းများကြောင့် မြန်မာရိုးရာ သင်ဖျူးဖျာကို ဝယ်ယူလိုသူများလည်း နည်းပါးလျက်ရှိကြောင်း သိရသည်။