ပြည်ပဈေးကွက်တစ်ခုတည်း အားထားတင်ပို့နေရသည့် သီးနှံများအစား နိုင်ငံတကာဈေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် စီစဉ်လျက်ရှိ

ခင်ဦးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုမြင်ကွင်း

မြန်မာနိုင်ငံတွင် ဆန်စပါး၊ ပဲမျိုးစုံ စသည့်သီးနှံများကို အဓိက စိုက်ပျိုးပြီး ပြည်ပတင်ပို့လျက်ရှိရာ ပြည်ပဈေးကွက် တစ်ခုတည်းသာ အားထားတင်ပို့နေရသည့် သီးနှံများအစား နိုင်ငံတကာဈေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး အိန္ဒိယ၏ သွင်းကုန်တင်သွင်းခွင့်ဆိုင်ရာ ကန့်သတ်ချက်ကြောင့်  မြန်မာနိုင်ငံမှ ပဲတင်ပို့မှု လျော့ကျခဲ့ရသည်။ ယင်းအတွက်ကြောင့် ဈေးကွက်တစ်ခုတည်းသာ မှီခိုတင်ပို့နေရခြင်းထက် နိုင်ငံတကာ ဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

“ဒီဘက်မှာလည်း ဘယ်သီးနှံ ပြောင်းစိုက်ရမလဲဆိုတာ စိုက်ပျိုးရေးက ဆောင်ရွက်နေတာရှိတယ်။ ဥပမာ ပဲတီစိမ်းစိုက်မလား၊ နွေစပါး စိုက်မလား၊ ဆီထွက်သီးနှံစိုက်မလားဆိုတဲ့ အသေးစိတ်စီမံကိန်းတွေကို စိုက်ပျိုးရေး ဦးစီးဌာနက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဈေးကွက်ရှိတဲ့ သီးနှံတွေကို စိုက်ပျိုးဖို့ ဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် အရည်အသွေးမြင့်တဲ့ ပဲတွေကို ထွက်လာဖို့၊ ဥပမာ ပဲတီစိမ်းဆိုရင် ဂျပန်ကနေ ပြန်ပို့တဲ့ဟာ တွေရှိတယ်။ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေပါလို့ဆိုပြီး ပြန်ပို့တာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး GAP စနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးရေး ဦးစီးဌာနက  ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပိုးသတ်ဆေး ကုမ္ပဏီတွေ၊ တောင်သူတွေနဲ့ စိုက်ပျိုးရေး ပညာရှင်တွေနဲ့ ချိတ်ပြီးပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး ဓာတ်ကြွင်းပါဝင်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း အဓိကပို့ကုန်များဖြစ်သည့် ဆန်စပါး၊ ပဲစသည့် ကုန်စည်အမျိုးအစား တစ်ခုကို ဈေးနှုန်းတစ်ခုတည်း သတ်မှတ်ဝယ်ယူခြင်းမပြုဘဲ အရည်အသွေးပေါ်လိုက်ပြီး ဈေးနှုန်းပြောင်းလဲ ဝယ်ယူပေးရန် ကုန်သည်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“မတ်ပဲအစား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်အောင် စီစဉ်နေပါတယ်။ လာမယ့် နှစ်တွေအတွက် နိုင်ငံတကာဈေးကွက်ရရှိတဲ့ သီးနှံတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေရော အစိုးရတာဝန်ရှိသူတွေရော ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လာမယ့်ရာသီမှာ စိုက်ပျိုးမယ့် ပဲမျိုးစုံသီးနှံတွေနေရာမှာ တခြားသီးနှံဘာတွေကို စိုက်ပျိုးသင့်လဲ။ အဲဒီလိုစိုက်ပျိုးမယ်ဆိုရင် လိုအပ်မယ့်မျိုး၊ နည်းပညာတွေကို တောင်သူတွေလိုက်ပါ နိုင်ဖို့ရှိမလား ဆိုတဲ့အပိုင်းကို အားလုံးဝိုင်းဆွေးနွေး နေကြပါတယ်။ အဲဒီလို ဆွေးနွေးတဲ့ အခါမှာလည်း တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့မှာ ရှိနေတဲ့ တောင်သူလယ်သမားတွေ စတာတွေကို ကွင်းဆင်းစစ်ဆေးပြီး ဖြစ်သင့်တဲ့ အနေအထားတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ အကြံပြုသွားမှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အပိုင်းကတော့ တောင်သူများအပါအဝင် လုပ်ငန်းရှင်များ အပိုင်းက ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဈေးကွက်ဆိုတာက ခန့်မှန်းလို့မရပါဘူး။ ဒါကြောင့်မို့ ဖြစ်နိုင်တဲ့ အလားအလာများကို ချပြပြီး ဆောင်ရွက်သွားပါမယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။